ဟစ်တလာရဲ့အတွင်းစည်းမှာနေခွင့်ရခဲ့တဲ့ ဣတ္ထိယ(၅)ဦး

နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့ လုံခြုံရေးစနစ်သတ်မှတ်ချက်မှာ အတွင်းစည်း၊အပြင်စည်းဆိုပြီး ခွဲခြားကာ သူတို့တစ်တွေရဲ့ အသက်အန္တရာယ်ကို ရန်သူက မလုပ်ကြံနိုင်အောင် တပ်မတော်နဲ့ တာဝန်ယူထားတဲ့ ကိုယ်ရံတော်အဖွဲ့က ဆောင်ရွက်ပေးရပါတယ်။ ခေါင်းဆောင်ကြီးတွေရဲ့ အိမ်အတွင်းမှာတောင် အထူးအခွင့်ရပြီး ဝင်ခွင့်ရတဲ့သူတွေ ရှိသလို၊ ဝင်ခွင့်မရတဲ့သူတွေလည်း ရှိပါတယ်။ အာဏာရှင်ဟစ်တလာရဲ့လက်ထက်မှာလည်း ဒီနည်းအတိုင်းပါဘဲ။ သူနဲ့ အနီးဆုံးမှာ နေခွင့် ဝင်ထွက်သွားလာခွင့်ရတဲ့သူတွေ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အနီးကပ်ဆုံးနေခွင့်ရတဲ့ အမျိုးသမီး(၁၀)ယောက်ရဲ့ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Eva Braun

ဟစ်တလာနဲ့အတူ ရောပြွန်းပြီး မှတ်မိကြမယ့် လူသားတစ်ဦးကတော့ Eva Braun ဖြစ်ပါတယ်။ ဟစ်တလာရဲ့ တိတ်တိတ်ပုန်းမယားပါ။ သူမ အသက်(၁၇)နှစ်အရွယ်မှာ ဟစ်တလာနဲ့ တွေ့ခဲ့တာပါ။ ထိုစဉ်က ဟစ်တလာက အသက်(၄၀)ပေါ့။ နောက်တော့ သူမက ဟစ်တလာရဲ့ သံယောဇဉ်အရှိဆုံးလူစာရင်းမှာ ပါဝင်ခဲ့ပြီး လက်ထောက်အဖြစ် လူသိများလာခဲ့ပါတယ်။

သို့သော် အတ္တကြီးလွန်းတဲ့ ဟစ်တလာရဲ့ ချုပ်ချယ်မှုကြောင့် သူမဟာ အနည်းဆုံး နှစ်ကြိမ်လောက်အထိ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့သေးတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ သူမဟာ ဟစ်တလာနဲ့အတူ သေကြောင်းကြံစည်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ဆိုပါတယ်။ သို့သော် မူကွဲအနေနဲ့ ဟစ်တလာနဲ့ အပေါင်းအပါတွေဟာ အာဂျင်တီးနားနိုင်ငံကို တိတ်တိတ်ကလေး လွတ်မြောက်သွားကြတယ်လို့လည်း နောက်ပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

(၂) Magda Goebbels

Magda ကတော့ ဟစ်တလာနဲ့ တစ်ခြားပတ်သက်မှု မရှိပါဘူး။ သို့သော် သူမဟာ ဟစ်တလာရဲ့လူယုံ Joseph Goebbels ရဲ့ ဇနီးဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ ချစ်လို့ လက်ထပ်ခဲ့ကြတာမဟုတ်ဘဲ ငွေကြေးအကျိုးအမြတ်အတွက် အပြန်အလှန်လက်ထပ်ခဲ့တာပါ။ သို့သော် Magda က ကလေးငါးယောက်အထိ မွေးပေးခဲ့ပါသေးတယ်။ ခင်ပွန်းက ဟစ်တလာရဲ့လူယုံဖြစ်နေတော့ သူမကလည်း တံခါးမမရှိ ဓားမရှိ ဟစ်တလာဆီကို ဝင်ထွက်ခွင့်ရခဲ့ပါတယ်။

READ
လူကြားထဲ ကန့်လန့်ဖြစ်နေတတ်တဲ့ Introvert လေးတွေ သိထားသင့်တဲ့ အကြောင်းအရာ

ခင်ပွန်းသည် Joseph ကတော့ Magda က ဟစ်တလာနဲ့ ဖောက်ပြန်နေတယ်လို့ စိတ်ထဲက မသိုးမသန့်ဖြစ်ပေမယ့် ဟစ်တလာကို ကြောက်လို့ မပြောရဲခဲ့ပါဘူး။ နောက်ဆုံး စစ်ကြီးရှုံးတော့ ဟစ်တလာတို့ သေကြောင်းကြံစည်သွားပြီဆိုတဲ့သတင်းကို ရေဒီယိုကနေ ကြားလိုက်တဲ့အခါ လင်မယားနှစ်ယောက်စလုံးရော ကလေးတွေပါ အဆိပ်သောက် သတ်သေခဲ့ကြတယ်လို့ သိရပါတယ်။

(၃) Geli Raubal

Geli ဟာ ဟစ်တလာရဲ့ ညီမဝမ်းကွဲ Angela ရဲ့ သမီးဆိုတော့ ဟစ်တလာနဲ့ဆို တူမတစ်ဝမ်းကွဲ တော်စပ်ပါတယ်။ ထိုစဉ်က ဟစ်တလာက အလွန်အောင်မြင်သူ မဟုတ်သေးပါဘူး။ သူမဟာ မြူးနစ်က Ludwig Maximilian University ဆေးတက္ကသိုလ်ကို တက်ဖို့အတွက် ဟစ်တလာနေထိုင်ရာ အခန်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ တကယ်တော့ ဟစ်တလာရဲ့အချစ်ဦးဟာ Geli လို့ ပြောလို့ရပါတယ်။ ဟစ်တလာဟာ သူမကို စွဲစွဲမြဲမြဲချစ်ခဲ့ပြီး အလိုလိုက်အကြိုက်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် Geli ဟာ ဟစ်တလာရဲ့ယာဉ်မောင်း Emil Maurice နဲ့ ချစ်ကြိုးသွယ်တဲ့အခါ ဟစ်တလာ ပေါက်ကွဲပြီး Emil ကို ထိုးကြိတ်ကာ အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ နောက်ဆုံး Geli ဟာ ချစ်သူ Emil ရဲ့နောက်ကို လိုက်ဖို့ကြိုးစားတဲ့အခါ ဟစ်တလာရဲ့ နှောင့်ယှက်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ သူမဟာ ဒီနောက်မှာ စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဟစ်တလာကိုယ်တိုင် သူမကို ချစ်ခင်နှစ်သက်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

(၄) Unity Mitford

Unity ဟာ ဂျာမန်လူမျိုးမဟုတ်ပါဘူး။ အင်္ဂလိပ်လူမျိုး မင်းမျိုးမင်းနွယ်တစ်ယောက် ဖြစ်ပါတယ်။ ဟစ်တလာနဲ့ ရင်းနှီးခင်မင်ခွင့်ရဖို့ သူမဘက်က အလွန်ကြိုးစားခဲ့ရပါတယ်။ ဟစ်တလာနဲ့ မြူးနစ်က စားသောက်ဆိုင်ကြီးမှာ စတင်ခင်မင်ပြီး စကားဖောင်ဖွဲ့နိုင်သည်အထိ သူမက အာရွှင်သူပါ။ ဟစ်တလာကလည်း သူမကို သဘောကျသွားပြီး အခန်းတစ်ခန်းပေးကာ ပြင်ပမိတ်ဆွေသဘောနဲ့ အမြဲလိုလိုဆုံတွေ့ပြီး ဆွေးနွေးတာတွေ လုပ်ပါတယ်။

READ
တစ်ခုလပ်တွေက လင်စုံမယားစုံ စုံတွဲတွေလောက် အသက်မရှည်ဟု သိပ္ပံပညာရှင်များဆို

စစ်ကြီးရှုံးတော့ သူမလည်း ခေါင်းကို သေနတ်နဲ့ ပစ်သတ်ကာ သေကြောင်းကြံစည်ခဲ့ပေမယ့် ဒေါက်တာတွေက အသက်ကို ကယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ကိုရောက်ပြီး နှစ်အနည်းငယ်အကြာမှာ ဦးခေါင်းတွင်းဝင်နေတဲ့ ကျည်ဆံက ဦးနှောက်ကိုစားတဲ့ အနာကိုဖြစ်စေပြီး သေဆုံးခဲ့ရပါတယ်။

(၅) Emmy Goering

Emmy ဟာ ထိုခေတ်ထိုအခါက နာမည်ကြီး ဂျာမန်မင်းသမီးပါ။ သူမဟာ ဟစ်တလာရဲ့ လက်စွဲဖြစ်တဲ့ နာဇီလူသတ်ရာဇာလို့ နာမည်ကြီးခဲ့တဲ့ Hermann Goering ရဲ့ ဒုတိယဇနီးပါ။ Emmy နဲ့ ဟစ်တလာရဲ့တိတ်တိတ်ပုန်းမယား Eva က တစ်ယောက်နဲ့တစ်ယောက် မျက်နှာကြောမတည့်ပါဘူး။

Eva က တိတ်တိတ်ပုန်းမယားဖြစ်လို့ First Lady ဘွဲ့မခံရပေမယ့် Emmy က သူမက ဟစ်တလာပြီးရင် အာဏာအရှိဆုံးလို့ သတ်မှတ်ထားတဲ့ Hermann ရဲ့ တရားဝင်ပေါ်ပေါ်ထင်ထင်ဖြစ်လို့ သူမကသာ First Lady လို့ ကွယ်ရာမှာ ပြောလေ့ရှိပါတယ်။ ဟစ်တလာကတော့ သူမကို ယုံကြည်ပါတယ်။ စစ်ကြီးပြီးတော့ သူမလည်း နှစ်ရှည်ထောင်နန်းစံရပြီး ရှိသမျှပစ္စည်းတွေ အသိမ်းခံရပါတယ်။ ထောင်ကပြန်လွတ်ပြီး နှစ်အနည်းငယ်အကြာမှာ ဆင်းဆင်းရဲရဲနဲ့ သေဆုံးခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)

source : listverse.com

SHARE