အလုပ်ကွန်ပြူတာပေါ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့အရာများ

အလုပ်မှာ သုံးတဲ့ ကွန်ပြူတာတွေဟာ အလုပ်တစ်ခုတည်းအတွက် အသုံးချတာပဲ ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်နဲ့ မသက်ဆိုင်တဲ့အရာတွေကို လုပ်မိတဲ့အခါ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေတာကြောင့်ပါ။ တချို့လူတွေက ထင်ကောင်းထင်ကြပါလိမ့်မယ်။ ကိုယ့်ကွန်ပြူတာထဲက history log ကို ဖျက်လိုက်ရုံနဲ့ ကိုယ်ဈေးဝယ်ထားတာ၊ ဆိုရှယ်မီဒီယာသုံးထားတာ၊ အလုပ်သစ်ရှာထားတွေကို လူတွေ မသိနိုင်တော့ဘူးလို့ပါ။ တကယ်တော့ လုပ်ငန်းခွင်မှာ အိုင်တီဌာနဟာ ၀န်ထမ်းတွေ ကွန်ပြူတာပေါ်မှာ ဘာတွေ သုံးနေသလဲဆိုတာ ခြေရာခံလိုက်နိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ အပြည့်အ၀ အာရုံစူးစိုက်နိုင်ဖို့နဲ့ အလုပ်တွင်စေဖို့ အလုပ်ကွန်ပြူတာပေါ်မှာ မလုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပုဂ္ဂိုလ်ရေးသုံးတဲ့ စကားဝှက်တွေကို မှတ်မထားပါနဲ့

အင်တာနက်အသုံးပြုမှုနဲ့ ပတ်သက်လို့ အီလက်ထရောနစ်ပစ္စည်းအားလုံးနဲ့ အင်တာနက်ချိတ်ဆက်မှုစနစ်တွေသည် ကုမ္ပဏီပိုင်ဖြစ်တာကြောင့် ကုမ္ပဏီအနေနဲ့ ၀န်ထမ်းအသုံးပြုသမျှ ကွန်ပြူတာအချက်အလက်တွေကို စစ်ဆေးခွင့်၊ စောင့်ကြည့်ခွင့် အကုန်ရှိသည် (အလုပ်ခွင်တွင် ၀န်ထမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ဆိုပြီး စည်းမျဉ်းချထားတာ များပါတယ်။ ကျွန်ပြူတာနဲ့ အလုပ်လုပ်ကြတဲ့ လူအများစုဟာ တစ်နေ့ကို (၈) နာရီသို့မဟုတ် ထို့ထက်ပိုပြီး ကွန်ပြူတာနဲ့ထိတွေ့ကြပါတယ်။ ဒါကြောင့် save password ဆိုတဲ့ button ကို နှိပ်လိုက်မိဖို့ အရမ်းလွယ်ကူပါတယ်။ သတိထားသင့်ပါတယ်။

READ
ကမ္ဘာ့အဆိပ်ပြင်းဆုံး ဖား(၅)ကောင်

အွန်လိုင်းရှော့ပင်းမ၀ယ်ပါနဲ့

အလုပ်ချိန်မှာ အလုပ်ကို ပြည့်ပြည့်၀၀အာရုံစိုက်နိုင်ဖို့သာ ကြိုးစားသင့်ပါတယ်။ အလုပ်ချိန်ကြီးထဲ အွန်လိုင်းမှာ ပစ္စည်းတွေ လျှောက်ကြည့်ပြီး ၀ယ်နေတာက ၀န်ထမ်းကောင်းတစ်ဦးရဲ့ အပြုအမူမဟုတ်ပါဘူး။ ဒါ့အပြင် အွန်လိုင်းရှော့ပင်းဝယ်တဲ့အခါ ကိုယ့်ရဲ့ ခရက်ဒစ်ကတ်နဲ့ အခြားအချက်အလက်တွေဟာ ကွန်ပြူတာထဲ ရောက်သွားပြီဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ အခန့်မသင့်ရင် မသမာသူတွေရဲ့ ခိုးယူတာကို ခံရနိုင်ပါတယ်။

အချင်းချင်းအပြန်အလှန် စာပို့စကားပြောနိုင်တဲ့ ဆော့ဖ်ဝဲမှာ အတင်းမတုပ်ပါနဲ့

စကားပြောဆော့ဖ်ဝဲတွေဖြစ်ကြတဲ့ Slack ၊ Campfire နဲ့ Google Hangout တို့ဟာ အပေါင်းအစုနဲ့လုပ်ရတဲ့ လုပ်ငန်းခွင်တွေအတွက် အရမ်းအသုံးဝင်လာပြီ ဖြစ်ပါတယ်။ သူဌေးအကြောင်း အတင်းပြောတာ၊ အလုပ်မလုပ်ပဲ ပျင်းနေတဲ့ လုပ်ဖော်ကိုင်ဖက်အကြောင်းနဲ့ ရုံးခန်းက ကော်ဖီစက်ပျက်တာကအစ ကိုယ်ရဲ့ မကျေနပ်ချက်တွေကို ပြောချင်ရင် သူငယ်ချင်းတွေနဲ့ မိသားစုကို ပြောပါ။ အလုပ်မှာရှိတဲ့ စာပို့ဆော့ဖ်ဝဲထဲမှာ မပြောမိပါစေနဲ့။ မတော်လို့ရှိရင် ကိုယ့်ကို မလိုတဲ့သူက ဆော့ဖ်ဝဲမှာ ကိုယ်ရိုက်ထားတဲ့ စာတွေကို ကော်ပီကူးပြီး ကုန်းချောရင်လည်း ချောနိုင်ပါတယ်။ ၀န်ထမ်းအချင်းချင်း စာရိုက်ပြီး စကားပြောနေတာကို အလုပ်ရှင် မသိဘူးလို့လည်း မထင်ပါနဲ့။ သူတို့တွေ သိပါတယ်။

READ
ကျောင်းသားတွေ အသုံးပြုလေ့ရှိတဲ့ စာခိုးချနည်းများ

အလုပ်သစ်မရှာပါနဲ့

ဒီအချက်ကတော့ လူတိုင်းသိပြီးဖြစ်နေပေမယ့် လူတွေ လုပ်နေတုန်းပါပဲ။ ဆာဗေးကောက်ချက်အရ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမား(၁၀) ဦးမှာ (၃) ဦးဟာ အွန်လိုင်းကနေ အလုပ်ရှာကြပြီး အင်တာဗျူးဖုန်းဝင်လာတဲ့အခါမှာလည်း ဖုန်းတွေဖြေကြတယ်လို့ ဆိုပါတယ်။ အလုပ်ကကွန်ပြူတာနဲ့ အလုပ်ထပ်ရှာတယ်ဆိုတာ တကယ်တော့ မလွယ်တဲ့ ကိစ္စပါ။ သိများသိသွားခဲ့ရင် ကိုယ်တောင်အလုပ်ထွက်ခင်မှာ သူတို့က အလုပ်ထုတ်လိုက်တာမျိုး ဖြစ်တတ်ပါတယ်။

ဆိုရှယ်မီဒီယာနဲ့ပဲ အချိန်မကုန်ခံပါနဲ့

ကုမ္ပဏီအများစုဟာ အလုပ်ခွင်ထဲမှာ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆိုရှယ်မီဒီယာဟာ အလုပ်အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။ တကယ်လို့ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ရှိမယ်ဆိုရင်တောင်မှ သတင်းတွေကြည့်တာနဲ့ အလုပ်အတွက်ပဲ ဖြစ်စေသင့်ပါတယ်။ သူငယ်ချင်းတွေကို စာပို့တာ၊ လုပ်ငန်းခွင်ထဲက ကိုယ်နဲ့မတည့်တဲ့သူတွေရဲ့ အကြောင်းကို အတင်းပြောတာတွေဟာ ရေရှည်မှာ အလုပ်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

လင်းလင်း (ShweMom)

Ref: fairygodboss

SHARE