လက်ရှိဖြစ်ပွားလျက်ရှိတဲ့ကပ်ရောဂါကြောင့် စီးပွားကဏ္ဍမျိုးစုံအပါအဝင် ခရီးသွားလုပ်ငန်းတွေပါအများကြီး ထိခိုက်နစ်နာခဲ့ပါတယ်။ တစ်ချို့နေရာတွေမှာတော့ ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်ဖို့ဆိုပြီး ထူးထူးခြားခြားကမ်ပိန်းတွေကို ပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပိုင်းကလည်း အိန္ဒိယနိုင်ငံ ဥတ္တရာကန်(Uttarakhand)ပြည်နယ်အစိုးရက ပြည်နယ်တွင်း ခရီးသွားလုပ်ငန်းကိုမြှင့်တင်တဲ့အနေနဲ့ အစီအစဉ်တစ်ခုကိုကြေညာခဲ့ပါတယ်။
Storypick သတင်းစာမျက်နှာအရတော့ ဥတ္တရာကန်အစိုးရဟာ WFH ဝန်ထမ်းတွေအတွက် workcation ယူနိုင်ကြောင်းတိုက်တွန်းထားတာပါ။ ဥတ္တရာကန်ဟာ စိမ်းလန်းနေတဲ့သစ်တောအုပ်တွေ၊ လေကောင်းလေသန့်ရပြီး ဆိတ်ငြိမ်တဲ့တောင်ကုန်းတောင်တန်းတွေပေါ်မှာ လူတွေ တည်းခိုနေထိုင်ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။

မိမိလိုအပ်ချက်အလိုက် အဆင်ပြေသလိုရွေးချယ်နိုင်တဲ့ workcation package တွေကိုလည်း စီစဉ်ထားပါတယ်။ ဥတ္တရာကန်ရဲ့ ခရီးသွားလုပ်ငန်းမှအတွင်းရေးမှုးဒီလစ်ဂျာဝါကာကတော့ “ Workcation က လတ်တလောရေပန်းစားလာတာပါ။ လူတွေက ဒီကပ်ရောဂါအတွင်း အိမ်မှာပဲနေပြီးအလုပ်လုပ်ကြတယ်။ ဒါကြောင့် အေးအေးဆေးဆေးအလုပ်လုပ်ချင်တယ် အပျော်ခရီးလည်း ထွက်ချင်တယ်ဆိုရင် workcation ကိုစဉ်းစားသင့်တယ်” လို့ဆိုပါတယ်။
၎င်းတို့ရဲ့ workcation package တွေမှာတော့ တောင်တက်၊ စက်ဘီးစီး၊ ငှက်ကြည့်၊ ကြယ်ကြည့်စတဲ့ အစီအစဉ်တွေလည်း ပါဝင်မယ်လို့သိရပါတယ်။ ဒါ့အပြင် တည်းခိုနေထိုင်သူတွေဟာ မြန်နှုန်းမြင့်အင်တာနက်၊ လျှပ်စစ်မီး၊ သက်တောင့်သက်သာရှိတဲ့နေထိုင်မှု၊ ဆေးဝါးအကူအညီ၊ ကျန်းမာလတ်ဆတ်တဲ့အစားအသောက်၊ အခန်းဝန်ဆောင်မှုနဲ့ အခြားဝန်ဆောင်မှုတွေကိုလည်း ရနိုင်သေးတယ်လို့သိရပါတယ်။
လင်းလင်း (ShweMom)