ပညာကိုတန်ဖိုးထားလွန်းလို့ခက်ခက်ခဲခဲနဲ့(၆)နှစ်တာကျော်ဖြတ်ပြီးမှ ဘွဲ့ယူနိုင်ခဲ့တဲ့အမျိုးသား

အခုခေတ်မှာမိဘကကောင်းကောင်းထောက်ပံ့နိုင်တဲ့ကလေးအများစုဟာ ပညာရဲ့ တန်ဖိုးကိုခပ်ပေါ့ပေါ့လေးတွေးကြပါတယ်။ ကျောင်းလခအတွက်မိဘတွေဟာ ဘယ်လောက်တောင်ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်နေရသလဲဆိုတာကို စာနာနားလည်ပေးတဲ့သားသမီးကတော့ ခပ်ရှားရှားပါပဲ။

ဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာတော့ အစိုးရကျောင်းပညာရေးက အခမဲ့ဖြစ်ပေမယ့် အခြားကျောင်းတွင်းကုန်ကျစရိတ်တွေနဲ့ ထမင်းဖိုးတွေကလည်းရှိပါသေးတယ်။ ဖိလစ်ပိုင်က ဆင်းရဲနွမ်းပါးတဲ့မိဘတော်တော်များများက ကလေးတွေကိုကျောင်းထားပေးဖို့ ငွေကြေးမတတ်နိုင်ရှာပါဘူး။ ဒါကြောင့် နွမ်းပါးတဲ့ကလေးငယ်တွေက စာသင်ကြားရမယ့်အချိန်မှာစာမသင်နိုင်ပဲ လမ်းဘေးမှာတောင်းစားပြီး ရောင်းစားလို့ရနိုင်တဲ့ပစ္စည်းအဟောင်းအမြင်းကလေးတွေကို လမ်းတကာလိုက်ပြီးရှာဖွေလျက်ရှိပါတယ်။

ဒီထဲကမှ General Santos City မှာနေထိုင်နေတဲ့ သြဂတ်စတင်းဆဲလ်ဝေးကလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ သြဂတ်စတင်းဟာ ဆင်းရဲကျပ်တည်းတဲ့မိသားစုကနေ ပေါက်ဖွားလာပြီး မိသားစုကလည်း ကြီးတာကြောင့် ဖခင်ဖြစ်သူဟာ အိမ်အတွက်လောက်ငှအောင်ပိုက်ဆံမရှာနိုင်ပါဘူး။ မွေးချင်းမောင်နှမတွေကလည်း (၁၁) ယောက်ရှိပါတယ်။ ဒါကြောင့်ဖခင်ဖြစ်သူက ကလေးအားလုံးကိုကျောင်းထားပေးဖို့မတတ်နိုင်ခဲ့ပါ။

ဒါပေမယ့်ဖခင်ဖြစ်သူက သြဂတ်စတင်းကိုတော့ အလုပ်လုပ်ဖို့နဲ့အခွင့်အလမ်းကောင်းတွေရဖို့အတွက် ပညာရေးဟာအခရာဖြစ်ကြောင်းမကြာခဏပြောလေ့ရှိပါတယ်။ သြဂတ်စတင်းက ယာထဲမှာ ဖခင်ဖြစ်သူနဲ့အတူတူအလုပ်လုပ်ဖူးခဲ့တာကြောင့် ပညာမတတ်တဲ့ဘ၀ဟာ ဘယ်လောက်တောင်ပင်ပန်းဆင်းရဲရကြောင်းသိခဲ့ပါတယ်။

READ
အမျိုးသမီးပြိုင်ကားမောင်းပြိုင်ပွဲတွေ ခေတ်စားလာတော့မယ့် ဆော်ဒီ

ဖခင်မှာကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်ဘူးဆိုတာသိပြီး ကောလိပ်ကျူရှင်အတွက် ကိုယ်တိုင်ပိုက်ဆံရှာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကောလိပ်တက်နေတုန်းမှာလည်း အားလပ်ချိန်တွေမှာဂက်စ်ဖြည့်ပေးတဲ့ကောင်လေးတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကျောင်းလဲတက် အလုပ်လဲလုပ်ရတာမလွယ်ကူပေမယ့် ကြံ့ခိုင်တဲ့သြဂတ်စတင်းက သူရည်ရွယ်ထားတဲ့အိပ်မက်အတိုင်းဖြစ်လာဖို့ကြိုးစားခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြိုးစားပြီးနောက်မှာ သြဂတ်စတင်းက အကောက်ခွန်အုပ်ချုပ်ရေးအထူးပြုဘွဲ့ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ သြဂတ်စတင်းဟာ အချိန်အကြာကြီးရင်းနှီးပြီး အပတ်တကုတ်ပညာသင်ယူခဲ့ပြီးမှ ရလာတဲ့ဘွဲ့ကလေးကို အလွန်တန်ဖိုးထားတယ်လို့သိရပါတယ်။ အခုဆိုရင်တော့ သြဂတ်စတင်းက ဆင်းရဲနွမ်းပါးတဲ့ဖိလစ်ပိုင်ကလေးတွေရဲ့ ရှေ့ဆောင်လမ်းပြ စံပြပုဂ္ဂိုလ်သဖွယ်ဖြစ်နေပါပြီ။

လင်းလင်း (ShweMom)

Ref: Viral4real

SHARE