သူငယ်ချင်းနဲ့အတူ အလုပ်,လုပ်ရခြင်းက သင့်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်

Fox/BrooklynnNineNine

လူတိုင်းလူတိုင်းဟာ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်မှာ နေထိုင်ရင်း ဖိအားကင်းစွာ နေထိုင်ချင်ကြပါတယ်။ တကယ်လည်း ကိုယ်နဲ့မသိတဲ့ သူစိမ်းတရံတွေကြားမှာ အလုပ်လုပ်ရခြင်းဟာ လုပ်ငန်းခွင်က ပေါ့ပေါ့ပါးပါးဆိုရင်တောင် အထီးကျန်သလိုလို၊ သိမ်ငယ်သလိုလို ခံစားရမိစေမှာပါ။ ဒီတော့ သူငယ်ချင်းတွေနဲ့ အလုပ်အတူတူ လုပ်ရခြင်းဟာ ပျော်စရာပဲပေါ့။

ဒါပေမယ့် သူငယ်ချင်းနဲ့ အလုပ်အတူတူလုပ်သူတွေမှာ စွမ်းဆောင်ရည်ပိုင်း (သို့မဟုတ်) ကုန်ထုတ်စွမ်းအား (Productivity)ကို ကျဆင်းစေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်က ထောက်ပြခဲ့ပါတယ်။ ဒီလေ့လာမှုကို University of Hong Kong မှ စီးပွားရေးပါမောက္ခ ဒေါက်တာ Sangyoon Park က လေ့လာတွေ့ရှိခဲ့တာပါ။

ဒေါက်တာ Park ဟာ ဗီယက်နမ်က ပင်လယ်စာထုတ်လုပ်ရေးစက်ရုံက ငါးအသားလွှာတုံးတစ်သူ ဝန်ထမ်းအမျိုးသမီးတွေကို လေ့လာခဲ့တာဖြစ်ပြီး၊ အဲဒီဝန်ထမ်းတွ ဘယ်သူဘယ်ဝါဆိုတာထက်၊ ဒီလုပ်ငန်းခွင်မှာ သူငယ်ချင်း ဘယ်သူဘယ်ဝါနဲ့အတူ အလုပ်ဆင်းသလဲဆိုတာကို စစ်တမ်းယူခဲ့တာပါ။ နောက်ပြီး သူတို့တစ်တွေဟာ အလုပ်ချိန်ပြင်ပမှာ သူငယ်ချင်းတွေနဲ့ အတူတကွ အချိန်တွေဘယ်လို အသုံးချသလဲဆိုတာကိုလည်း မေးခဲ့ပါတယ်။

21JumpStreet/ColumbiaPictures

ဒေါက်တာ Park က “ နေ့စဉ်တိုင်းလိုလို … ကျွန်တော်တို့ အလုပ်သမားတွေကို မတူညီတဲ့ အလုပ်စားပွဲတွေမှာ ပြောင်းပြီး ခိုင်းစေပါတယ် … ဒီနည်းအားဖြင့် သင့်တို့ရဲ့သူငယ်ချင်းတွေနဲ့ ပိုပြီးနီးစပ်တဲ့ အပြောင်းအလဲကနေ ထူးခြားမှုတွေ တွေ့လာခဲ့ရတယ် ”လို့ ပြောပါတယ်။

ဝန်ထမ်းတွေကို မတူညီတဲ့ပုံစံနဲ့ Assign လုပ်ပြီး တာဝန်ခွဲဝေလိုက်တဲ့အခါ အလုပ်ရဲ့ ပြီးမြောက်မှုဟာ ထင်မှတ်မထားလောက်အောင် တိုးတက်လာခဲ့ပါတယ်။ အဲဒီအလုပ်ရုံမှာ ဒီလို Assign ခွဲပေးလိုက်ခြင်းအားဖြင့် အချင်းချင်း စကားပြောတဲ့အကြိမ်ရေ ကျဆင်းသွားပြီး၊ တစ်ဖက်သားက အလုပ်ဘယ်လောက် ပြီးမြောက်နေလဲ ဆိုတာကို သူတို့ကိုယ်တိုင် မြင်သာစေတယ်လို့ ပြောပါတယ်။

အဲဒီစက်ရုံမှာ စားပွဲတစ်ချပ်မှာ လူ(၄)ဦးဝိုင်းဖွဲ့ အလုပ်လုပ်ရကြောင်း၊ တစ်ရက်ရက်မှာ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်ပြန်လုပ်ရတာမျိုးရှိပြီး။ တစ်ခြားရက်တွေမှာတော့ သိပ်မရင်းနီးတဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အလုပ်လုပ်ရလေ့ ရှိတယ်လို့ ပြောပါတယ်။ ထွက်ပေါ်လာတဲ့ ရလဒ်တွေကလည်း သိသိသာသာ ကွဲပြားပါတယ်။

UniversalPictures/BadBoys

ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်အလုပ်လုပ်ရတဲ့နေရမှာ သာမန်ထက် လုပ်ငန်းစွမ်းဆောင်ရည် (Productivity) (၆)%အထိ ကျဆင်းသွားပြီး၊ အခြားလူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ လုပ်ငန်းစွမ်းဆောင်ရည်က အားရစရာကောင်းပါတယ်။ ဒီလိုပဲ သူတို့ကို သူငယ်ချင်းနဲ့မဟုတ်ဘဲ၊ သာမန် Assign နဲ့ လုပ်ရတဲ့အခါမျိုးမှာ နေ့စဉ်အသုံးစာရိတ် (၆)%ကနေ (၄)%အထိ ကျဆင်းသွားစေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ထူးခြားချက်အနေနဲ့ သူငယ်ချင်းနဲ့ အလုပ်အတူတူလုပ်ရတဲ့သူတွေဟာ အလုပ်ချိန်ပိုပြီး လုပ်ရလည်း ညည်းငွေ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီလုပ်ငန်းမှာတော့ လုပ်အားခကို ငါးတစ်ကီလိုနှုန်းကနေ အခြေခံတွက်ချက်တာမို့ သူတို့အလုပ်မတွင်ဘူး၊ ငါးကီလိုနည်းလေ၊ ရတဲ့ငွေပမာဏ နည်းလေဖြစ်ကြောင်း ဆိုပါတယ်။

သို့ပေမယ့် အခုတွေ့ရှိမှုဟာ အမျိုးသမီးအလုပ်သမားတွေ လုပ်တဲ့လုပ်ငန်းခွင်ကို အခြေခံတွေ့ရှိထားတာဖြစ်ပြီး၊ အမျိုးသားအလုပ်သမားတွေ အပေါင်းအသင်းနဲ့ အလုပ်အတူတူ လုပ်ရတဲ့အခါ ဘယ်လိုအခြေအနေ ရှိမလဲဆိုတာကိတော့ ဒေါက်တာ Park အနေနဲ့ ဆက်လက်စုံစမ်းနေဆဲပါ။ ဒီမှာလည်း ကွဲပြားမှုတွေ ရှိလာနိုင်ပြီး အမျိဲုးသမီးတွေ သာနိုင်သလို၊ ဒီထက်ပိုဆိုးသွားတဲ့ အနေအထားလည်း ဖြစ်သွားနိုင်ပါတယ်။

လင်းသူရိန်

SHARE