တရုတ်နိုင်ငံမှာတည်ရှိနေတဲ့ ပေ ၉၀၀၀ နီးပါးနဲ့ ကမ္ဘာ့အရှည်ဆုံး ရေလွှာလျှောကြီး

Guinness World Records/YouTube

အခုဖော်ပြပေးမယ့် ရေလွှာလျှောလေးဟာ သာမန်ရေလွှာလျှောတွေလိုမဟုတ်ဘဲနဲ့ သဘာဝရှုခင်းနဲ့ တောတောင်တွေကြားထဲက အလှအပတွေကို ခံစားနိုင်စေမှာပါ။

ကမ္ဘာ့အရှည်ဆုံးရေလွှာလျှောအဖြစ် ဂင်းနစ်စံချိန်ဝင် သတ်မှတ်ထားခြင်းခံထားရတဲ့ ရေလွှာလျှောစီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်နိုင်ငံ Lishui မှာ တည်ရှိနေပါတယ်။ အရှည်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရေလွှာလျှောစီးမလို့ ဘယ်လောက်ရှိမယ်လို့ထင်မိပါသလဲ။ မီတာပေါင်း ၂၇၂၃.၀၈ မီတာ၊ တစ်နည်းအားဖြင့် ပေပေါင်း ၈,၉၃၃ ပေနဲ့ ၁၁ လက်မပါတဲ့။ တော်တော်ရှည်တာပါနော်။

Guinness World Records/YouTube
Guinness World Records/YouTube

ဒီလိုလမ်းကြောင်းရှည်လျားတဲ့အပြင် ရေလွှာလျှောစီးရဲ့ အဓိကဆွဲဆောင်တဲ့အချက်တစ်ခုကတော့ တောင်ပတ်လမ်းမှာ လမ်းကြောင်းတည်ထားတဲ့အတွက်ကြောင့် ခရီးသွားတွေဟာ သာမန်ရေလွှာလျှောစီးလို ရေပြင်တွေ၊ ရေကူးကန်တွေနဲ့ လူတွေသွားလာနေတာကို မြင်ရမှာမဟုတ်ဘဲနဲ့ Puhuasi တောင်ကြီးရဲ့ စိမ်းစိမ်းစိုစိုရှိလှတဲ့ ရေမြေတောတောင်သဘာဝကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။

Guinness World Records/YouTube
Guinness World Records/YouTube

အရှိန်ကတော့ တစ်နာရီကို ကီလိုမီတာ ၃၀ နဲ့သွားနေတာကြောင့် ရိုလာကိုစတာတွေလောက် အမြန်နှုန်းမရှိပေမယ့်လို့ သူလည်းပဲ အသည်းတယားယားနဲ့ရင်တုန်ပန်းတုန်ခံစားချက်ကို ပေးနိုင်မှာပါတဲ့။ နောက်ပြီး ရေလွှာလျှောလမ်းကြောင်းကလည်း မြေပြင်ကနေ ၇၄၁ ပေမြင့်နေဦးမှာဆိုတော့ တစ်နာရီကျော်ကြာမယ့် ရေလွှာလျှောခရီးစဉ်လေးကို စီးချင်ကြသူတွေ ရှိမလားမသိဘူး။

ကိုယ်တိုင်မစီးရသေးခင်မှာတော့ ဗီဒီယိုလေးကိုကြည့်ရင်း အတူတူရင်ခုန်လိုက်ကြပါစို့။

Penny

SHARE