သမိုင်းတစ်လျှောက် ငွေကုန်ကြေးကျ အများဆုံး မင်္ဂလာပွဲ(၇)ပွဲ

လူတိုင်းဟာ သူတို့ရဲ့မင်္ဂလာပွဲ ခမ်းခမ်းနားနား၊ အောင်အောင်မြင်မြင် ဖြစ်မြောက်ဖို့အတွက် တတ်နိုင်သမျှတော့ ကြိုးစားကျင်းပလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးဆိုတဲ့ မင်္ဂလာပွဲတွေကို သင်မြင်ဖူးပါသလား။ အခုဖော်ပြပေးလိုတာကတော့ therichest.com မှာဖော်ပြထားတဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး၊ ကုန်ကျစားရိတ်အများဆုံး မင်္ဂလာပွဲတွေအကြောင်းပဲ ဖြစ်ပါတယ်။

၇။ Chelsea Clinton နဲ့ Marc Mezvinsky ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာငါးသန်း)

သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ သမီး ချယ်လ်ဆီးကလင်တန်ရဲ့ မင်္ဂလာပွဲကို ၂၀၁၀ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါ တယ်။ နီးစပ်ရာအသိုင်းအ၀ိုင်းက မိတ်ဆွေလေးရာခန့်ကို ဖိတ်ကြားခဲ့ပြီး နယူးယောက်မြို့စွန်က ရပ်ကွက်တစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။ သတို့သမီးဝတ်စုံကိုတော့ Vera Wang က ဒီဇိုင်းထုတ်လုပ်ပေးခဲ့တာ ဖြစ်ပြီး ဖိတ်ကြားတဲ့ ဧည့်သည် စာရင်းများပြားလှပေမယ့် နာမည်ကျော်မင်းသား၊မင်းသမီး အနည်းငယ်သာ ပါဝင်ပြီး အများစုဟာ လွှတ်တော်အမတ်တွေ ဖြစ်ပါတယ်။ ထိုမင်္ဂလာပွဲရဲ့ ကုန်ကျစားရိတ်ကတော့ ဒေါ်လာငါးသန်း ဖြစ်ပါတယ်။

၆။ Wayne Rooney နဲ့ Coleen McLoughlin ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာရှစ်သန်း)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ၀ိန်းရိုးနီဟာ သူ့ရဲ့အထက်တန်းကျောင်းက ချစ်သူနဲ့ ၂၀၀၈ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာပွဲဟာ အကျဉ်းချုံး ကျင်းပခဲ့တာဖြစ်ပြီး မီဒီယာတစ်ချို့နဲ့ လူရှစ်ယောက် ကိုသာ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားကို နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး ပထမပိုင်းကို နှစ်ပေါင်း၃၃၀ရှိပြီဖြစ်တဲ့ ရှေးဟောင်းအဆောက်အအုံတစ်ခုမှာ ပြုလုပ်ခဲ့ကာ ဒုတိယပိုင်းကို ၁၇ရာစုအတွင်းကတည်းက ရှိခဲ့တဲ့ မြစ်ကမ်းဘေးက အပန်းဖြေရိပ်သာတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားနေရာ တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့နေရာမှာ မိသားစု ၀င်တွေက ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို အသုံးပြုကြပြီး သတို့သမီးကတော့ ဇိမ်ခံရွက်လှေသင်္ဘောကြီးကို အသုံးပြုခဲ့ပါ တယ်။

၅။ Kim Kardashian နဲ့ Kris Humphries ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာဆယ်သန်း)

၂၀၁၁ခုနှစ်က ထိမ်းမြားခဲ့တဲ့ Kim Kardashian နဲ့ Kris Humphries တို့ရဲ့ မင်္ဂလာပွဲဟာ ခန့်မှန်းချေ ဒေါ်လာဆယ် သန်းခန့် ကုန်ကျခဲ့ပါတယ်။ ထိုမောင်နှံရဲ့ မင်္ဂလာပွဲကို နာမည်ကျော်မဂ္ဂဇင်းများစွာက မျက်နှာဖုံးကာဗာမှာ ထည့်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ ထိုကမ်းလှမ်းမှုကို ရရှိသွားတဲ့ E News မဂ္ဂဇင်းက မင်္ဂလာပွဲကုန်ကျစားရိတ် အများစုကို စပွန်ဆာ ပေးခဲ့ပြီး မင်္ဂလာပွဲကို ရုပ်မြင်သံကြားမှာပါ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ Kris နဲ့ Kim တို့ဟာ မင်္ဂလာပွဲဓာတ်ပုံတွေ ကို မီဒီယာတွေဆီ ရောင်းချတာနဲ့တင်ပဲ ဘဏ်စာရင်းအမြောက်အများ ရရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း မီဒီယာ၊စပွန်ဆာ တွေ စရိတ်မကာမိသေးခင် လက်ထပ်ပြီး (၇၂)ရက်အကြာမှာပဲ ကွာရှင်းခဲ့ကြပါတယ်။ ဒါဟာ အကြီးကျယ်ဆုံး မင်္ဂလာပွဲ တစ်ခုနဲ့ အတိုတောင်းဆုံး မင်္ဂလာသက်တမ်းပဲ ဖြစ်ပါတယ်။

READ
ကြည့်ရှုသူတွေ ကြောက်လွန်းလို့ ရှုးရှုးထွက်ကျခဲ့ရတဲ့ Annabelle ရုပ်ရှင်အသစ်

၎။ Prince William နဲ့ Kate Middleton ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာသုံးဆယ့်လေးသန်း)

အင်္ဂလန်က မင်းသား William နဲ့ Kate တို့ရဲ့ တော်ဝင်မင်္ဂလာပွဲဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းက အကြီးမားဆုံးသော အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါတယ်။ တော်ဝင်မောင်နှံဟာ ၂၀၁၁ခုနှစ်က ထိမ်းမြားမင်္ဂလာပြုခဲ့ကြတာဖြစ်ပြီး အခမ်းအနားကို ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းမှာ ကြည့်ရှုသူဦးရေ ၂ဘီလျံခန့် ရှိခဲ့ပါတယ်။ မင်္ဂလာပွဲအတွက် ဧည့်သည်တော် ဖိတ်ကြားတဲ့စာရင်းမှာ သုံးခုရှိခဲ့ပါတယ်။ ပထမတစ်ခုက မင်္ဂလာပွဲ အခမ်းအနားတက်ရောက်ဖို့ ဧည့်သည် တော် (၁၉၀၀)ဖြစ်ပြီး ဒုတိယစာရင်းမှာတော့ ဘက်ကင်ဟမ်နန်းတော်မှာ နေ့လယ်စာ ဧည့်ခံပွဲတက်ရောက်ဖို့ ဧည့်သည် (၆၀၀)၀န်းကျင်နဲ့ တတိယစာရင်းအရ ညစာစားပွဲတက်ရောက်ဖို့ ဧည့်သည်တော် (၃၀၀)၀န်းကျင်ကို ဖိတ်ကြားခဲ့ကြပါ တယ်။

၃။ Lady Diana နဲ့ Prince Charles ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာ လေးဆယ့်ရှစ်သန်း)

ပြည်သူ့အချစ်တော် လေဒီဒိုင်ယာနာနဲ့ ဗြိတိန်တော်ဝင်မင်းသားကြီး ချားလ်စ်တို့ဟာ ၁၉၈၁ခုနှစ်က ထိမ်းမြားလက်ထပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ ထိုခေတ်ရဲ့ တက်ရောက်သူ အများဆုံး မင်္ဂလာဧည့်ခံပွဲအဖြစ် ပြောစမှတ် တွင်ခဲ့ပါတယ်။ တော်ဝင် မောင်နှံရဲ့ မင်္ဂလာပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း (၇၅၀)သန်းလောက် ကြည့်ရှုခဲ့ကြပါတယ်။ လက်ထပ်ပွဲ အခမ်းအနားကို လန်ဒန်မြို့မှာရှိတဲ့ စိန့်ပေါလ် ကတ်သလစ်ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်ခဲ့ပြီး ဧည့်သည်တော် (၃၅၀၀)ခန့် ကို ဖိတ်ကြားခဲ့ပါတယ်။ လေဒီဒိုင်ယာနာဟာ နန်းတော်ကနေ ဘုရားရှိခိုးကျောင်းကို ဖန်ရထားလုံး စီးသွားခဲ့ပြီး လူပေါင်း နှစ်သန်းခန့်ဟာ သူမရဲ့အရိပ်ကလေးကို ခဏတာ မြင်တွေ့ရဖို့အတွက် လမ်းတစ်လျှောက်မှာ တန်းစီပြီး စောင့်ဆိုင်းကြည့် ရှုခဲ့ကြပါတယ်။ လေဒီဒိုင်ယာနာနဲ့ ချားလ်စ်မင်းသားတို့ရဲ့ မင်္ဂလာသက်တမ်းဟာ (၁၁)နှစ်ကြာမြင့်ခဲ့ပြီး ၁၉၉၂ခုနှစ်မှာ ကွဲကွာခဲ့ကြကာ ၁၉၉၆ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။

READ
Papua New Guinea နိုင်ငံထဲက လူသားစား တာဇံမျိုးနွယ်စုဝင်တွေအကြောင်း

၂။ Vanisha Mittal နဲ့ Amita Bhatti ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာသန်းခြောက်ဆယ်)

သူတို့နှစ်ဦးဟာ ၂၀၀၄ခုနှစ်က လက်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ဗာဆိုင်းနန်းတော်ရဲ့ ၁၆ရာစုနှစ်လောက် တည်းက တည်ရှိခဲ့တဲ့ ရဲတိုက်ကြီးတစ်ခုမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားကျင်းပချိန်ဟာ စုစုပေါင်းခြောက်ရက် ကြာမြင့်ခဲ့ပါ တယ်။ ပြင်သစ်နိုင်ငံက ဗာဆိုင်းနန်းတော်မှာ ကျင်းပတဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ကမ္ဘာတစ်လွှားက ဆွေမျိုး၊ ဧည့်သည် တော်ပေါင်း တစ်ထောင်ခန့်ဟာ ကိုယ်ပိုင်ဂျက်လေယာဉ်များနဲ့ ပွဲတက်ရောက်ခဲ့ကြပါတယ်။ မင်္ဂလာပွဲဖိတ်စာကို ငွေအစစ်နဲ့ ပြုလုပ်ထားတဲ့ သေတ္တာလေးနဲ့ ဖိတ်ကြားခဲ့ပြီး ထိုသေတ္တာထဲမှာ လေယာဉ်လက်မှတ်နဲ့ ပါရီမြို့ ကြယ်ငါးပွင့်ဟိုတယ်တွေ မှာ တည်းခိုခွင့်တွေပါ တစ်ပါတည်း ထည့်သွင်းထားခဲ့ပါတယ်။ ပြန်ကမ်းလက်ဆောင်အဖြစ် ရတနာတွေ ထည့်သွင်း ထားတဲ့ အိတ်ကလေးတွေ ပေးအပ်ခဲ့ပါတယ်။ ညစာစားပွဲအတွက် စားဖိုမှူးတွေကိုတော့ အိန္ဒိယကနေ အထူးလေယာဉ်နဲ့ ခေါ်ဆောင်ထားတာဖြစ်ပြီး အီဖယ်တာဝါအနီးမှာ ကမ္ဘာကျော်အဆိုတော်များနဲ့ ကျင်းပခဲ့ပါတယ်။

၁။ Sheikh Mohammed bin Zayed Al Nahyan နဲ့ Princess Salama ရဲ့ မင်္ဂလာပွဲ (ကုန်ကျစားရိတ် ဒေါ်လာ သန်းတစ်ရာ)

သူတို့နှစ်ဦးဟာ ၁၉၈၁ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်လွှားက မင်္ဂလာပွဲအားလုံးထဲက ကုန်ကျစားရိတ်အများဆုံး စံချိန်တင် မင်္ဂလာပွဲတစ်ခု ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို သာမာန်လုပ်ရိုးလုပ်စဉ်အတိုင်း ကျင်းပတာမျိုး မဟုတ်ဘဲ ကျင်းပချိန် ခုနစ်ရက်ခန့် ကြာမြင့်ခဲ့ပါတယ်။ ဧည့်သည်တော် နှစ်သောင်းခန့် တက်ရောက်ဖို့အတွက် မိုးလုံလေလုံ ပွဲကြည့်ရုံကြီးတစ်ခုကိုပါ ဆောက်လုပ်ခဲ့ပါတယ်။ အာရပ်နိုင်ငံတွေအတွင်းက မြို့တွေကို ကြင်စဦးမောင်နှံက မြင်းစီးလှည့်လည်ခဲ့ပြီး တိုင်းသူပြည်သားတွေအတွက် အစားအစာနဲ့ လက်ဆောင်ပဏ္ဍာတွေကို လက်ဆောင်ပေးအပ်ခဲ့ ပါတယ်။ ပွဲအခမ်းအနားဆီ မင်္ဂလာသတို့သမီး တက်ရောက်ဖို့အတွက် ကုလားအုတ်အကောင်နှစ်ဆယ်နဲ့ ပြုလုပ်ထားတဲ့ မင်္ဂလာလှည်းမှာ ကျောက်သံပတ္တမြားနဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ စီခြယ်ထားခဲ့ပါတယ်။

အလင်းဦး(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE