ကမ္ဘာ့အရပ်ပုဆုံး နီပေါလ်နိုင်ငံသား အသက်(၂၇)နှစ်အရွယ်မှာပင် သေဆုံး

GuinnessWorldRecord.Com

ကမ္ဘာ့အရပ်ပုဆုံးအဖြစ် မှတ်ယူခံထားရတဲ့ နီပေါလ်နိုင်ငံသား Khagendra Thapa Magar ကတော့ အသက်(၂၇)နှစ်အရွယ်မှာပဲ သေဆုံးခဲ့ကြောင်း သိရပါတယ်။ သူဟာ အသက်(၁၈)နှစ်အရွယ်မှ လမ်းစလျှောက်နိုင်ခဲ့သူဖြစ်ပြီး၊ အဲဒီနောက်မှာတော့ သူရဲ့ နာမည်ကြီးမှုဟာ သူနေထိုင်ရာ Buglung မြိုကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြသည်အထိ ဖြစ်ခဲ့ပါတယ်။

Magar ဟာ (၂၀၁၀)ခုနှစ်က အသက် (၁၈)နှစ်ပြည့်ချိန်မှ ကမ္ဘာ့အရပ်ပုဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ လမ်းလည်း လျှောက်နိုင်ခဲ့ပါတယ်။ သူဟာ မွေးရာပါ ကျန်းမာရေးအားနည်းချက်တွေ၊ မျိုးဗီဇဆိုင်ရာ ရောဂါတွေကြောင့် ရှင်သန်ခဲ့တဲ့တစ်လျှောက်မှာတော့ ကျန်းမာတယ်ရယ်လို့ မရှိခဲ့ပါဘူး။ သူရဲ့အရပ်ဟာ ပေ/လက်မအားဖြင့်ပြောလျှင် (၂)ပေနဲ့ (၂.၄၁)လက်မသာ ရှိပါတယ်။

Magar ဟာ မွေးစဉ်ကတည်းက အလွန်သေးငယ်လွန်းပြီး၊ သူ့ဖခင်ရဲ့ လက်ဖဝါးထဲမှာတောင် ထည့်သယ်လို့ရတယ် ဆိုပါတယ်။ သူဟာ နှလုံးရောဂါ၊ ပန်းနာနဲ့ အဆုတ်ရောင်ရောဂါတွေ ခံစားခဲ့ရပြီး၊ ပြီးခဲ့တဲ့သောကြာနေ့ ဇန်နဝါရီ(၁၇)ရက်၊ ဒေသစံတော်ချိန် ညနေ(၃)နာရီ နီပေါလ်က ဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့တာပါ။ သူဟာ ဆေးရုံမှာ တစ်ရက်ပဲ နေလိုက်ရပြီး၊ နောက်ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Magar ကျန်းမာစဉ်အခါက ကမ္ဘာအနှံ့အပြားကို သွားရောက်ခဲ့ရပြီး၊ ရုပ်သံအစီအစဉ်တွေ များစွာမှာလည်း ပါဝင်ခဲ့ရဖူးပါတယ်။ သူ့ရဲ့အစ်ကိုဖြစ်သူကတော့ Magar ဟာ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာလို့ AFP သတင်းထံ အတည်ပြုခဲ့ပါတယ်။ Magar သူရဲ့ ကျော်ကြားမှုကြောင့် နီပေါလ်ချစ်ကြည်ရေး သံတမန်အဖြစ်လည်း ခံအပ်ခံခဲ့ရပါတယ်။

သူ့အသက်(၁၄)နှစ်မှာ နယ်လှည့်အရောင်းအဝယ်သမားတစ်ယောက်က သူ့ကို တွေ့ခဲ့ရာကနေ ထင်မှတ်မထားဘဲ ကမ္ဘာကျော်တစ်ယောက်ဖြစ်ခွင့် ရခဲ့ပါတယ်။ သူ့ကို ဒေသခံပွဲတွေမှာ ဖိတ်ကြားပြီး၊ သူနဲ့ဓာတ်ပုံတွဲရိုက်လိုပါက အခကြေးငွေကောက်ခံခြင်းဖြင့် စီးပွားရှာခြင်းခံနေရချိန်ပါ။

Magar ဟာ သူ့အရင်က ကမ္ဘာ့အရပ်အပုဆုံး စံချိန်တင်ခဲ့သူထက် (၇)စင်တီမီတာသာ ပိုရှည်ပါတယ်။ အဲဒီလူကတော့ Junrey Balawing ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံသားပါ။ ဒါပေမယ့် Junrey ဟာ လမ်းမလျှောက်နိုင်တဲ့အတွက် Magar အဖို့ အသက်(၁၈)နှစ်မှာ ဂင်းနစ်စံချိန်တင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူက လမ်းလျှောက်နိုင်တဲ့လူတွေထဲမှာ အရပ်အပုဆုံးဆိုတဲ့ ဘွဲ့ကို ရရှိခဲ့တာပါ။

Junrey ဟာ လက်ရှိအချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲပါ။ သူဟာ Osteogenesis imperfecta ရောဂါကို ခံစားနေရတာကြောင့် လမ်းလျှောက်ဖို့ မဖြစ်နိုင်တာလို့ သိရပါတယ်။ Magar သေဆုံးမှုအတွက် ဂင်းနစ်အဖွဲ့တာဝန်ရှိသူတွေကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ သူုသေဆုံးခြင်းဟာ မိသားစုအတွက်သာမက နီပေါလ်အတွက်ပါ သက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။

လင်းသုတ

SHARE