တစ်ကြိမ်လောက်တော့ သွားရောက်လေ့လာသင့်တဲ့ ကမ္ဘာ့အထူးခြားဆုံး ပြတိုက်များ

instagram/aquaworldcancun

ပြတိုက်တွေဟာ သတ္တလောကကြီးထဲက သတ္တ၀ါတွေရဲ့ သမိုင်းကြောင်းနဲ့ ထူးဆန်းတဲ့အရာဝတ္ထုတွေကို စုစည်းဖော်ပြထားရာ နေရာတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ပြတိုက်တွေ အများကြီး ရှိတဲ့အထဲကမှ လက်လှမ်းမှီရာ ထူးဆန်းလှတဲ့ ပြတိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Avanos Hair Museum

instagram/culturalflanerie

တူရကီနိုင်ငံ အဗာနို့စ်မြို့မှာ အဗာနို့စ်ဆံပင်ပြတိုက်ဆိုပြီး ပြတိုက်တစ်ခု ရှိပါတယ်။ ပြတိုက်ဟာ အိုးအရောင်းဆိုင်တစ်ဆိုင်ရဲ့ မြေအောက်ထဲမှာရှိပြီး ၄င်းပြတိုက်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးပေါင်း (၁၆,၀၀၀) တို့ရဲ့ ဆံပင်နမူနာတွေ၊ နာမည်တွေနဲ့ နေရပ်လိပ်စာတွေကို သိမ်းဆည်းထားပါတယ်။ ထူးဆန်းလှတဲ့ ဒီဆံပင်ပြတိုက်ဟာ လွန်ခဲ့တဲ့ (၃၅) နှစ်ကတည်းက ရှိခဲ့တာပါ။ Chez Galip အမည်ရတဲ့ အိုးလုပ်သမားရဲ့ အမျိုးသမီးသူငယ်ချင်းတစ်ဦးဟာ တစ်နေ့မှာ မြို့ကို စွန့်ခွာပြီး တရပ်တကျေးပြောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူမကို အမှတ်ရနေအောင်ဆိုပြီး သူမရဲ့ ဆံခြည်မျှင်တွေကို Galip ကို ပေးခဲ့ရာကနေ နောက်ပိုင်းမှာတော့ ပြတိုက်ဖြစ်လာခဲ့တာပါ။

Icelandic Phallological Museum

instagram/daronnefcy

အိုက်စ်လန်နိုင်ငံရဲ့ မြို့တော် Reykjavik မှာတော့ နို့တိုက်သတ္တ၀ါအနွယ်ဝင်ထဲက ပုရိသသတ္တ၀ါတွေရဲ့ နမူနာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ပြတိုက်မှာတော့ အိုက်စ်လန်မှာ တွေ့ရတဲ့ ပင်လယ်နေ နို့တိုက်သတ္တ၀ါတွေအပြင် တွေ့ရသမျှသော နို့တိုက်သတ္တ၀ါအနွယ်ဝင်တွေထဲက သတ္တ၀ါအထီး (၂၁၅) မျိုးကျော်တို့ရဲ့ မျိုးပွားအင်္ဂါတွေကို ပြသထားတာ ဖြစ်ပါတယ်။

Cancun Underwater Museum

instagram/aquaworldcancun

မက္ကစီကိုနိုင်ငံ Cancun မြို့ကCancun National Marine Park အမည်ရတဲ့ ဥယျာဉ်ဟာ သမုဒ္ဒရာရေအောက်ကြမ်းပြင်မှာ ဆောက်လုပ်ထားတာပါ။ ၄င်းဟာ ကမ္ဘာပေါ်မှာတော့ အထူးခြားဆုံးပြတိုက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီရေအောက်ပြတိုက်ထဲမှာတော့ ရုပ်ထုပေါင်း(၅၀၀) လောက် ရှိပါတယ်။ ရုပ်ထုတွေကို ကျောက်တန်းတွေအဖြစ်နဲ့ သဘာဝကို တုပပြုလုပ်ထားပြီး သန္တာကျောက်တန်းတွေနဲ့ ရေနေသတ္တ၀ါတွေပါ ပေါက်ဖွားနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

The Ninja Museum of Igaryu

instagram/natymidori

လူသိများတဲ့ ဂျပန်ဇာတ်ကောင်တွေဟာ ဆာမူရိုင်းနဲ့ နင်ဂျာတွေပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နှစ်ခုစလုံးမှာ လုံလောက်တဲ့ နောက်ခံသမိုင်းကြောင်းတွေရှိတဲ့အပြင် သူတို့ကို ဗီဒီယိုဂိမ်းတွေ၊ ရုပ်ရှင်တွေနဲ့ စာအုပ်တွေထဲမှာလည်း ရေးသားကြပါတယ်။ နင်ဂျာတွေနဲ့ ပတ်သက်ပြီး ပိုသိနားလည်ချင်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံ အီဂါမြို့မှာရှိတဲ့ Igaryu Ninja Museum ကို သွားရောက်နိုင်ပါတယ်။ ပြတိုက်မှာတော့ သမိုင်းထဲမှာပါဝင်တဲ့ လက်နက်ကိရိယာတွေကို အသုံးပြုပြီး စစ်ပွဲအတုတွေကို ဖန်တီးပြထားသလို ရှေးဟောင်း နင်ဂျုဆုစကားလုံးတွေကို တွေ့ရမှာဖြစ်ပြီး ရာပေါင်းများစွာသော စစ်သုံးပစ္စည်းအစစ်တွေကိုလည်း ပြသထားပါတယ်။

CurryWurst Museum

instagram/lisaronnqvists

CurryWurst ဟာ ဂျာမန်လူမျိုးတွေရဲ့ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ ဟင်းလျာထဲမှာတော့ ခရမ်းချဉ်သီးအနှစ်တွေနဲ့ အမွှေးအကြိုင်တွေခတ်၊ ပါးပါးလှီးထားတဲ့ ကြက်အူချောင်း၊ အာလူးချောင်းကြော်တွေ ပါဝင်ပါတယ်။ ကြက်အူချောင်းကြိုက်တဲ့ ဂျာမန်တွေကို ကြည့်ပြီး စာဖတ်သူအနေနဲ့ ဂျာမန်တွေဟာ ဒီလောက်တောင် ကြက်အူချောင်းစားလှတာ၊ ပြတိုက်တောင် ရှိလောက်တယ်လို့ ထင်နေတယ်ဆိုရင်တော့ မှန်ကန်ပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ CurryWurst အမည်ရ ကြက်အူချောင်း ပြတိုက် ရှိပါတယ်။ ၄င်းပြတိုက်ထဲမှာတော့ ကြက်အူချောင်းကို ရေးဖွဲ့သီဆိုထားတဲ့ သီချင်းတွေ၊ သွားရည်ယိုဖွယ် ကြက်အူချောင်း ရုပ်ပုံလွှာတွေအပြင် ကြက်အူချောင်းပုံစံ ဆိုဖာတွေလည်း ရှိပါသေးတယ်။

လင်းလင်း (ShweMom)

READ
ဘီလျံနာဦးရေ အများဆုံးတည်ရှိရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများ

Source : Wikipedia

SHARE