တရုတ်နိုင်ငံဝူဟန်မှာ ထူးဆန်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူရှိလာပြီဖြစ်ကြောင်း သိရ

Weibo/Wei

တရုတ်နိုင်ငံ ဝူဟန်မှာ အမျိုးအမည်မသိရသေးတဲ့ ဗိုင်းရပ်စပ်ကူးစက်မှုကြောင့် အခုဆိုရင် လူတစ်ယောက် သေဆုံးခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ လူနာ(၇)ဦးကို အရေးပေါ်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ အခု သေဆုံးခဲ့သူကတော့ အသက်(၆၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

သေဆုံးသူဟာ အမျိုးအမည်မသိရသေးတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အဆုတ်ရောင်ရောဂါ ဆင့်ကဲ့ဖြစ်ပြီး သေဆုံးခဲ့ရတာလို့ သိရပါတယ်။ ကူးစက်ခဲ့ရသူတေါအနက်မှ နှစ်ဦးကတော့ ဆေးရုံကနေ ဆင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ သိရသလောက်တော့ လူပေါင်း (၇၃၉)ဦးဟာ ဒီဗိုင်းရပ်စ်နဲ့ အနီးကပ်မှာ နေနေရပြီးဒီအထဲမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း (၄၁၉)ဦးအထိ ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ ဗိုင်းရပ်စ်မှာ ကင်းစင်နေသူတွေ ဖြစ်ကြခြင်းကြောင့် ဒီဗိုင်းရပ်စ်ဟာ လူကနေ လူချင်း ပျံ့နှံ့ကူးစက်နိုင်တဲ့ရောဂါမဟုတ်ဘူးလို့ ကနဦး ကောက်ချက်ချလို့ ရနေပါတယ်။ သေဆုံးသူ အမျိုးသားကို အသေးစိတ် စစ်ဆေးခဲ့ကြပါသေးတယ်။

သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်၊ ဝမ်းဗိုက်အတွင်း အကျိတ်ငယ်တစ်ခု ပေါ်လာကြောင်း၊ သူဟာ နာတာရှည် အသည်းရောဂါကို ခံစားနေရသူလည်း ဖြစ်ပြီး၊ ဟွာနန်ပင်လယ်စာဈေးမှာ မကြာခဏ ဈေးဝယ်ထွက်သူတစ်ဦးလို့ သိရပါတယ်။ သူ မသေခင်မှာ အသက်ရှုကြပ်ပြီး၊ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ ဆေးရုံမှာ ဇန်နဝါရီ (၉)ရက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Wuhan Municipal Health Commission ရဲ့ ကြေညာချက်မှာတော့ သူတို့ ဓာတ်ခွဲခန်းတွေက ထုတ်ဖော်ခဲ့တဲ့ အဖြေတွေအရ အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်ဟာ Coronavirus ဗိုင်းရပ်စ် အမျိုးအစားအသစ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ကို WHO က ကိုးကားပြီး အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါတယ်။

“Coronavirus များပြားတဲ့ ဗိုင်းရပ်စ်အုပ်စုတစ်ခုဖြစ်ပြီး အများစုကတော့ MERS နဲ့ SARS တို့ကဲ့သို့သော ပြင်းထန်တုပ်ကွေးရောဂါတွေ ဖြစ်နိုင်ချေ နည်းပါးကြောင်း၊ တစ်ချို့ရောဂါကူးစက်မှုတွေကတော့ လူတစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်ခြေ များပေမယ့်၊ တစ်ချို့ကတော့ တစ်ဦးနဲ့တစ်ဦး ကူးစက်မှုမရှိနိုင်ကြောင်း၊ လူနာတစ်ဦးချင်းဆီမှာလည်း ရောဂါပြင်းထန်မှု မတူညီနိုင်ကြောင်း၊ ချက်ချင်းလက်ငင်း ကူးစက်ဖို့လည်း မလွယ်ကြောင်း  ”ထုတ်ပြန်ထားပါတယ်။

WHO ကတော့ သူုတို့ဟာ တရုတ်အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အခုဖြစ်စဉ်ကို အသေအချာ အနီးကပ်စောင့်ကြည့်နေကြောင်း၊ လိုအပ်ပါကလည်း တရုတ်ကို နည်းပညာပိုင်း အကူအညီပေးဖို့ အဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာ ဒီဗိုင်းရပ်စ်ကိစ္စက တပ်လှန့်နေဆဲဖြစ်လို့ မိမိတို့ တစ်ကိုယ်ရေကျန်းမာရေးကို မိမိတို့ဘာသာ ဂရုစိုက်ဖို့ လိုပါတယ်။

လင်းသုတ

SHARE