အံ့မခန်းလက်ရေးစွမ်းရည်ကြောင့် ထူးချွန်ဆု(၂)ခုရရှိခဲ့တဲ့ လက်နှစ်ဖက်မဲ့ ကောင်မလေး

မွေးရာပါလက်နှစ်ဖက်လုံးမရှိရှာတဲ့ ကလေးမလေးတစ်ဦးဟာ သူမရဲ့ထူးခြားတဲ့ လက်ရေးစွမ်းရည်ကြောင့် အမျိုးသားထူးချွန်ဆု(၂)ဆု ရရှိခဲ့ပါတယ်။ အသက်(၉)နှစ်အရွယ် အဆိုပါကျောင်းသူလေးရဲ့နာမည်ကတော့ အန်နာယာအယ်လစ်ခ်ဆိုသူဖြစ်ပါတယ်။

အန်နာယာဟာ အမေရိကန် ဗာဂျီးနီးယားပြည်နယ်မှာ ကျောင်းတက်နေတဲ့ တတိယတန်းကျောင်းသူလေးတစ်ဦးပါ။ သူမရဲ့ထူးခြားချက်က မွေးကတည်းက လက်နှစ်ဖက်ပါမလာခဲ့ပေမယ့် လက်ရေးလက်သား သေသပ်လှပစွာ ရေးသားနိုင်တာပါ။ အယ်လစ်ခ်ဟာ (၂၀၁၈)ခုနှစ် Nicholas Maxim ဆုနဲ့ (၂၀၁၈)ခုနှစ် Zaner-Bloser National Handwriting Contest ကဆုတွေကို အသီးသီးရရှိခဲ့ပါတယ်။

Zaner-Bloser ဆုဟာ မွေးရာပါမသန်စွမ်းပေမယ့် လက်ရေးလက်သားနဲ့ပတ်သက်လို့ ထူးထူးခြားခြား ပါရမီရှိသူတွေကို အသိအမှတ်ပြုပေးအပ်တဲ့ ဆုတံဆိပ်ပဲဖြစ်ပါတယ်။ Nicholas Maxim ဆုကတော့ လှပစွာလက်ရေးဆက် ရေးသားတတ်တဲ့သူတွေကို ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ အန်နာယာဟာ လှပတဲ့လက်ရေးစာတွေကိုရေးသားရာမှာ လက်အတုသုံးပြီးရေးသားခဲ့တာ မဟုတ်ပါဘူး။ ရှိနေတဲ့လက်ငုံးတိလေးနှစ်ဖက်နဲ့ပဲ ခဲတံကိုညှပ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

READ
မီးဖွားချိန်မမှီတာကြောင့် သမီးကလေးမွေးလာတာကို ဖုန်းထဲကနေသာ ကြည့်ရှုခဲ့ရတဲ့အမျိုးသား

ကျောင်းအုပ်ဆရာမကြီးဖြစ်တဲ့ ထရေစီက အန်နာယာဟာ ထူးချွန်တဲ့အမျိုးသမီးငယ်လေးဖြစ်ပြီး သူမဟာ လူတွေကိုခွန်အားပေးနိုင်သူတစ်ဦးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အန်နာယာရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကြိုးစားမှုက အခုလိုဆုရတဲ့အခြေအနေအထိ တွန်းပို့ခဲ့တာဖြစ်ကြောင်းလည်း ထရေစီကပြောပြခဲ့ပါတယ်။

ဆုပေးပွဲမှာတော့ အန်နာယာရဲ့အတန်းပြဆရာမတစ်ဦးဖြစ်သူ ဘက်ကီဟာ ကျောင်းသူသားတွေကို အားပေးစကားပြောဆိုခဲ့ပါတယ်။ သူမက ရဲစွမ်းသတ္တိရှိတယ်ရှိတယ်ဆိုတာ အမြဲတမ်းရှေ့ရောက်နေပြီး လူတွေကြားထဲရောက်နေမှ ဖြစ်တာမဟုတ်ကြောင်းနဲ့ အေးအေးဆေးဆေး တစ်ကိုယ်တည်းနေပြီး သူများတွေမလုပ်ဝံ့တဲ့အခိုက်မှာ အမှန်တရားကို ရဲရဲဝံ့ဝံပြုလုပ်ခြင်းဟာလည်း သတ္တိရှိတာပဲဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဘက်ကီစကားပြောပြီးတဲ့နောက်မှာတော့ Zaner-Boser က ကိုယ်စားလှယ်တွေဟာ အန်နာယာကို ငွေကြေးနဲ့ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: gossipmill

SHARE