ငယ်ရွယ်ပေမယ့် အဆိပ်ပြင်းလှတဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူလေးများ

သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး ကြိုးကြိုးစားစားလုပ်ဆောင်ကြသူတွေထဲမှာ လူကြီးတွေတင်မကပဲ ကျောင်းသားအရွယ် လူငယ်လေးတွေကလည်း ပါဝင်ဆောင်ရွက်နေပါတယ်။ တချို့လူငယ်တွေဆိုရင် လူကြီးတွေထက်တောင် အသိအမြင်ကြွယ်ဝပြီး ကမ္ဘာမြေထိန်းသိမ်းစောင့်ရှောက်ဖို့အရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေကြတာ တွေ့မြင်ရတာ လေးစားဖွယ်ရာပါ။ အခုအခါမှာတော့ အသက်ငယ်ပေမယ့် လူတွေကို အကောင်းဆုံးစိတ်ဓာတ်မြှင့်တင်မှုတွေ ပေးစွမ်းနိုင်တဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jamie Margolin (အသက် ၁၆နှစ်)

သူမဟာ အသက်(၁၆) နှစ်သာရှိသေးတဲ့ အမေရိကန်သူလေးဖြစ်ပေမယ့် သူမတို့မျိုးဆက်မှာ တွေ့ကြုံလာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို မီးမောင်းထိုးပြခဲ့သူပါ။ ကနဦးပိုင်းမှာ သဘာဝပတ်ဝန်းကျင်အရေးကို သူငယ်ချင်းတွေနဲ့သာ စတင်လှုပ်ရှားဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ထောင်ပေါင်းများစွာသော လူငယ်တွေကို သဘာဝပတ်ဝန်းကျင်အရေး ဦးဆောင်လှုပ်ရှားသူဖြစ်လာခဲ့ပါတယ်။ သူမဟာ အစိုးရနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး သူမတို့မျိုးဆက်ခံစားရမယ့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကျိုးဆက်တွေကို လက်မခံနိုင်ပါဘူးဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

READ
ပန်းပွင့်လေးတွေထဲမှာ ခပ်ကွေးကွေးလေး အိပ်စက်တတ်တဲ့ ပျားမျိုးစိတ်ကလေးများ

သြစတေးလျ အထက်တန်းကျောင်းသားများ

(၂၀၁၈) ခုနှစ် နိုဝင်ဘာလတုန်းက  သြစတေးလျတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေဟာ အစိုးရက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ထိထိရောက်ရောက်မလုပ်ပေးဘူးဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။

Litia Baleilevuka (၂၁ နှစ်)

သူမကတော့ ဖီဂျီနိုင်ငံမှာနေထိုင်နေသူပါ။ (၂၀၁၆) ခုနှစ်မှာ ဆိုင်ကလုန်း ၀င်စတန်ကြောင့် မိခင်ဖြစ်သူရဲ့ ရွာလေးပျက်စီးခဲ့ရာကနေ သဘာဝပတ်ဝန်းကျင်အရေးကို စိတ်ပါဝင်စားလာခဲ့တာပါ။ တစ်နိုင်ငံလုံးကို ၀င်မွှေသွားခဲ့တဲ့ အဆင့်(၅) ရှိတဲ့ ကြောက်စရာမုန်တိုင်းကြောင့် လူပေါင်းများစွာ အိုးအိမ်မဲ့ခဲ့တဲ့အပြင် အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရပါတယ်။ Litia ဟာ လက်ရှိမှာ သဘာဝဘေးအန္တရာယ်တားဆီးရေးနဲ့ ကာကွယ်ရေးပရောဂျက်တွေမှာ တက်ကြွစွာလှုပ်ရှားနေသူဖြစ်နေပါပြီ။ သူမရဲ့ လူတွေကို အဓိကပေးလိုတဲ့ message ကတော့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို ရပ်တန့်စေဖို့ ဖြစ်ပါတယ်။

Marinel Ubaldo (၂၁ နှစ်)

ဖိလစ်ပိုင်သူလေးတစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်ကို အကြီးအကျယ်မြေပြိုကျမှုကြီးဖြစ်စေခဲ့တဲ့ အပြင်းထန်ဆုံးတိုင်ဖွန်းမုန်တိုင်း ဟိုင်ရန်လက်ထဲက လွတ်မြောက်ခဲ့သူပါ။ ဒါကြောင့်လည်း Marinel က ရာသီဥတုပြောင်းလဲလာတဲ့အပေါ် လူသားတစ်ယောက်အနေနဲ့ အစွမ်းကုန်တားဆီးဖို့ တာဝန်ရှိတယ်လို့လည်း ယူဆထားသူ ဖြစ်ပါတယ်။ (၂၀၁၃) ခုနှစ်တုန်းက ဖိလစ်ပိုင်ထဲဝင်မွှေခဲ့တဲ့ ဟိုင်ရန်ကြောင့် Marinel ဟာ သူမတို့အိမ်လေးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ သူမက ရုပ်ကြွင်းလောင်စာအသုံးပြုပြီး ကြီးပွားနေတဲ့ ကုမ္ပဏီကြီးတွေကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပါတယ်။

READ
ပျောက်ဆုံးလုနီးနေပြီဖြစ်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်ဂွင်းအသိုက်အမြုံကြီး

Greta Thunberg (အသက် ၁၅ နှစ်)

သူမကတော့ အသက်(၁၅) နှစ်အရွယ် ဆွီဒင်သူလေးဖြစ်ပါတယ်။ Greta နဲ့ ပတ်သက်လို့ အရာအားလုံးဟာ စတော့ဟုမ်းမြို့ရဲ့ ပါလီမန်အပြင်ဘက်ကနေ စတင်ခဲ့တာပါ။ Greta ဟာ တစ်ရက်တော့ ပါလီမန်ရှေ့မှာ ရာသီဥတုအတွက် ကျောင်းမတက်ဖို့ဆန္ဒပြသည် လို့ရေးသားထားတဲ့ဆိုင်းဘုတ်ကို ကိုင်ပြီး ထိုင်နေခဲ့ပါတယ်။ တစ်ရက်ကနေ (၂) ပတ်လောက် ကြာလာတော့ သူမကို စိတ်ဝင်စားသူတွေ များလာသလို ကျောင်းဆရာ၊ဆရာမတွေအပါအ၀င် တချို့ကလည်း သူမနဲ့အတူ ပူးပေါင်းပြီး ပါလီမန်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ပိုအလေးထားဖို့ တောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်ဟာ ရွေးကောက်ပွဲကလည်း နီးနေပြီဖြစ်တာကြောင့် Greta က အားလုံးအတွက် ပိုအာရုံစိုက်စရာ ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ အတွေးအခေါ်ကတော့ ရှင်းရှင်းလေးပါပဲ။ ပညာတွေ သင်နေရပေမယ့် သဘာဝဘေးအန္တရာယ်တွေကို စိုးရိမ်ထိတ်လန့်နေရင်း ပညာသင်နေရတာဟာ ဘာထူးမလဲ၊ ဒါကြောင့် ခုကတည်းက လာမယ့်အနာဂတ်အတွက် ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ၀ိုင်းဝန်းထိန်းစောင့်ရှောက်သင့်တယ်ဆိုပြီး သူမက ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE