ပလတ်စတစ်ဆာဂျရီနဲ့ နည်းပညာအကြား ပြဿနာကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးငယ်လေး

unsplash/Olga Guryanova

နည်းပညာတွေဟာ တစ်နေ့တစ်ခြားတိုးတက်လာပြီး လူတွေရဲ့ဘ၀ကို ပိုပြီးကောင်းမွန်အကျိုးရှိအောင် ဖန်တီးပေးနေတာ မှန်ပေမယ့် ဒီလိုတိုးတက်လာတဲ့အပေါ် မကောင်းတဲ့အချက်တွေကလည်း ရှိပါသေးတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းနေထိုင်သူ အမျိုးသမီးငယ်လေးတစ်ယောက်ကတော့ ပလတ်စတစ်ဆာဂျရီနဲ့ နည်းပညာကြားထဲ မထင်မှတ်တဲ့ ပြဿနာတွေနဲ့ တွေ့ကြုံခဲ့ရတာကို asiaone သတင်းစာမျက်နှာအရ သိရပါတယ်။

အမည်လွှဲ ဟွမ်ဟွမ်ဖြစ်သူ ထို အမျိုးသမီးလေးဟာ မျက်နှာပလတ်စတစ်ဆာဂျရီပြုလုပ်ပြီးတဲ့နောက် သူမမျက်နှာက သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအတွက် facial recognition နည်းပညာနဲ့ မှတ်ထားခဲ့တဲ့ အလုပ်က စက်တွေ၊ အွန်လိုင်းငွေပေးချေမှူစနစ်တွေကို သူမဟာ အသုံးချလို့ မရတော့ပဲ ဖြစ်သွားပါတယ်။ တကယ်တော့ ဟွမ်ဟွမ်ဟာ နှာခေါင်းခွဲစိတ်မှူသွားရောက်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပြီးနောက်မှာတော့ အခုလိုပြဿနာတွေနဲ့ တွေ့ကြုံခဲ့ရတာပါ။

Pexels/Павел Сорокин

သူမရဲ့ ရုပ်ရည်သွင်ပြင်ဟာ facial recognition software အရ ပြောင်းလဲမှူအရမ်းများနေတဲ့အတွက် သူမဟာ ဇီကျန်းပြည်နယ် ၀မ်ကျိုးအရပ်က အသက်(၂၁) အရွယ် ဟွမ်ဟွမ်ဆိုတာကို လုံးဝမသိတော့တာ ဖြစ်ပါတယ်။ ဟွမ်ဟွမ်က သူမကို အွန်လိုင်းရှော့ပင်းနဲ့ အွန်လိုင်းငွေပေးချေစနစ်အားလုံးက ပိတ်ထားကြောင်း၊ ဒီစနစ်တွေဟာ သူမကို facial recognition နည်းပညာနဲ့ မှတ်ထားတာကြောင့် အခုခွဲစိတ်လိုက်တဲ့အခါ စနစ်တွေက မမှတ်မိတော့ပဲ ဖြစ်နေကြောင်း ပြောပြခဲ့ပါတယ်။

အဓိကအရေးကြီးတာကတော့ သူမအလုပ်ဖြစ်ပြီး အခုဆိုရင် အလုပ်ကစက်နဲ့ ရုံးအ၀င်အထွက်တောင် လုပ်လို့မရတော့ဘူးလို့ ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ ဟွမ်ဟွမ်ဟာ သူမရဲ့ မျက်နှာနဲ့ ဟိုတယ် check-in ၀င်တာ၊ မြန်နှူန်းမြင့်ရထားစီးတာတွေကိုလည်း facial recognition နည်းပညာတွေ အကုန်လုပ်ထားခဲ့တာကြောင့် အခုတော့ အခက်တွေ့နေရပြီ ဖြစ်ပါတယ်။

unsplash/John Tuesday

သူမကို မျက်နှာခွဲစိတ်ပြုပြင်ပေးခဲ့တဲ့ ဆရာဝန် ရှူကတော့ ခွဲစိတ်မှူပြီးတဲ့နောက်မှာ ဟွမ်ဟွမ်ရဲ့မျက်နှာ တော်တော်ကြီး ပြောင်းလဲသွားပါတယ်။ Facial recognition စနစ်တွေက ပြောင်းသွားတဲ့ ဟွမ်ဟွမ်ရဲ့ မျက်နှာအနေအထားတွေကို မသိတော့ဘူး။ ဒါကြောင့် သူ့ ID ကတ်ကို ပြောင်းဖို့နဲ့ အွန်လိုင်းစနစ်တွေထဲမှာ သိမ်းထားတဲ့ သူမရဲ့ပုံကို အသစ်ပြန်ပြောင်းထည့်ဖို့ ကျွန်မ အကြံပေးထားပါတယ်..” လို့ ပြောပြပါတယ်။

ဟွမ်ဟွမ်ကိုယ်တိုင်ကတော့ သူမအနေနဲ့ နည်းပညာကို အပြစ်မတင်မိဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ သူမ ဆာဂျရီလုပ်ပြီးလို့ အိမ်ပြန်လာတဲ့အခါ အမေကိုယ်တိုင်တောင်မှ သူမကိုမမှတ်မိပါဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။ ID ကိုပြန်ပြင်ရတဲ့ဒုက္ခ၊ အွန်လိုင်းပလတ်ဖောင်းတွေအကုန်လုံးမှာ သူမရဲ့မျက်နှာအသစ်ပုံကို ပြန်ပြောင်းထည့်ရတဲ့ဒုက္ခ၊ စတဲ့ဒီလိုဒုက္ခတွေရှိနေပေမယ့် ဟွမ်ဟွမ်ကိုယ်တိုင်ကတော့ ဒါတွေကို သိပ်အလေးမထားပဲ သူမရဲ့ နှာခေါင်းအသစ်လေးကို အရမ်းနှစ်ခြိုက်သဘောကျလျက်ရှိနေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE