စိတ်ကျရောဂါရှိ/မရှိ စမ်းသပ်ပေးနိုင်မယ့် မိုဘိုင်းဆော့ဖ်ဝဲကို တီထွင်စမ်းသပ်နေ

ယခုခေတ်မှာ စိတ်ကျရောဂါဆိုတာ လူသန်းပေါင်းများစွာအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ ရောဂါကို စောစီးစွာ တွေ့ရှိပါက ကုသမှုမှာ လွယ်ကူနိုင်ပေမယ့် စိတ်ရောဂါဖြစ်တာကြောင့် သိသာတဲ့ လက္ခဏာမရှိဘဲ အသိနောက်ကျရင် အခက်အခဲပိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် စိတ်ကျရောဂါကို အလွယ်တကူ စမ်းသပ်သိရှိနိုင်စေဖို့ မိုဘိုင်းဖုန်း ဆော့ဖ်ဝဲတစ်မျိုးကို တီထွင်စမ်းသပ်နေပါပြီ။ စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ဆော့ဖ်ဝဲဟာ လူတွေရဲ့ မျက်နှာနဲ့ အသံတို့ကို ဆန်းစစ်ပေးပြီး သင့်တင့်တဲ့ တိကျမှု ရှိတဲ့ စိတ်အခြေအနေရလဒ်ကို အဖြေထုတ်ပေးနိုင်မှာပါ။ စိတ်ပညာဆရာဝန်တွေက စိတ်ကျရောဂါ ရှိသူနဲ့ မရှိသူတွေကို စကားပြော မေးမြန်းထားတဲ့ ဗီဒီယိုတွေကို ဆော့ဖ်ဝဲရဲ့ AI စနစ်ထဲမှာ ဒေတာအဖြစ် ထည့်သွင်းထားပါတယ်။ ထိုဒေတာတွေကို အသုံးပြုပြီး ဆော့ဖ်ဝဲက အသုံးပြုသူတွေရဲ့ မျက်နှာနဲ့ အသံတို့ကို ခွဲခြားပေးသွားမှာပါ။

Shutterstock

ဆော့ဖ်ဝဲက အသုံးပြုသူရဲ့ မျက်နှာအမူအရာ၊ အသံနဲ့ ပြောတဲ့စကားတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အခုလို စမ်းသပ်မှုတွေမှာ ၈၀ ရာခိုင်နှုန်းခန့် မှန်ကန်စွာ ဆန်းစစ်ပေးနိုင်နေပြီဖြစ်ပါတယ်။ ထိုသုတေသနကိုတော့ Google ကနေ စတန်းဖို့ဒ်သို့ ပြန်လာခဲ့တဲ့ AI ကျွမ်းကျင်ပညာရှင် Fei Fei Li က ဦးဆောင်နေတာဖြစ်ပါတယ်။ သုတေသနမှာတော့ အစပိုင်း အဆင့်ပဲ ရှိသေးပြီး ပညာရှင်တွေကတော့ ထိုဆော့ဖ်ဝဲကို အနာဂတ်မှာ တကယ်အသုံးကျနိုင်မယ့် နည်းပညာဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

READ
ဓာတ်မီးအဖြစ်လည်းသုံးလို့ရ၊ ဟင်းချက်ရာမှာလည်း သုံးလို့ရတဲ့ FlashTorch

“စိတ်ပိုင်းဆိုင်ရာ မကျန်းမာတာဟာ ရုပ်ပိုင်းဆိုင်ရာ မကျန်းမာတာထက် ပိုပြီး သိနိုင်ဖို့ ခက်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ထင်မြင်ချက်တွေ၊ ကုန်ကျစရိတ်တွေနဲ့ ကုသမှု ရနိုင်ဖို့ ခက်ခဲမှုတွေကြောင့် စိတ်ကျန်းမာရေး ကုသဖို့ အတားအဆီးတွေ ဖြစ်တတ်ပါတယ်။ အခုလို မိုဘိုင်းဖုန်းနဲ့တင် စိတ်ကျရောဂါ ရှိ မရှိ စမ်းသပ်နိုင်ဖို့က အရမ်းကို အသုံးဝင်မှာပါ” လို့ ယခုသုတေသနမှာ ပါဝင်တဲ့ ပညာရှင်တွေက NeurIPS AI ညီလာခံမှာ တင်ပြသွားခဲ့ပါတယ်။

Shutterstock

ဆော့ဖ်ဝဲဟာ စိတ်ကျန်းမာရေး အခြေအနေကို ခန့်မှန်းနိုင်ပေမယ့် ဆရာဝန်တွေကို အစားထိုးနိုင်မယ့် အဆင့်အထိတော့ မဟုတ်ပါဘူး။ စိတ်ကျရောဂါ ရှိ၊ မရှိသာ စမ်းသပ်ပေးနိုင်တာဖြစ်ပြီး နောက်ဆက်တွဲ ကုသမှုတွေကိုတော့ ဆရာဝန်ဆီမှာ စနစ်တကျ ဆွေးနွေးတိုင်ပင်ရမှာပါ။

Ref: Technology Review

SHARE