ပင်လယ်စင်ရော်ကြီးကို အရှင်လတ်လတ် ဦးနှောက်ဖောက်စားခဲ့တဲ့ ကြွက်တွေ

Bird Life South Africa/Facebook

အိန္ဒိယသမုဒ္ဒရာ၊ တောင်အာဖရိက ကမ်းလွန်နဲ့ နီးစပ်တဲ့ Marion ကျွန်းဟာ ပင်လယ်ပျော် စင်ရော်ကြီးတွေ အခြေချနေထိုင်ရာ ဒေသတစ်ခုပါ။ အခုအခါမှာတော့ အဲဒီကျွန်းပေါ်မှာ စင်ရော်ကြီးမျိုးတွေ မျိုးသုဉ်းကုန်တော့လေးမလား၊ သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြပါတယ်။ အကြောင်းကတော့ ကြွက်တွေ သောင်းကျန်းနေလို့ပါ။

NASA

ကြွက်တွေဟာ အကောင်သေးပေမယ့် အလွန်ကို စားလုံးသောက်လုံးကြီးပါတယ်။ စင်ရော်တွေရဲ့ သားငယ်သမီးငယ်တွေကို ညခင်းဘက်မှာ စားသောက်တိုက်ခိုက်ရုံမက၊ စင်ရော်ကြီးတွေကိုပါ အရှင်လတ်လတ် စားသောက်နေကြပါတယ်။ ဒါဟာ အပြောမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေကိုယ်တိုင် ကင်မရာထောင်ခြောက်တွေနဲ့ မှတ်တမ်းတင်ခဲ့တာပါ။

Bird Life South Africa

တကယ့်လက်တွေ့အဖြစ်ကို မြင်လိုက်ရတော့ အတော်လေးကို အံ့သြနေကြပါတယ်။ ကြွက်တွေကို သရဲသဘက်ဝင်ပူးနေသလားလို့ တင်စားရမလိုဖြစ်နေပါတယ်။ တစ်ချို့ကြွက်တွေက ငှက်တွေကို အရှင်လတ်လတ် ဦးနှောက်ဖောက် စားတဲ့အထိပါ။ ဒီကြွက်တွေ ပိုအားကောင်းလာတာနဲ့အမျှ စင်ရော်တွေအဖို့ သမင်မွေးရင်း၊ ကျားစားရင်း ဖြစ်နေမယ်လို့ ယူဆရပါတယ်။

Birdlife South Africa ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Andrea Angel က 9News သတင်းသို့ ပြောကြားရာမှာ “ ဒီလောက် ဆိုးတဲ့ အဖြစ်မျိုး … ကျွန်မ တစ်ခါမှ မကြုံခဲ့ဖူးပါဘူး …စင်ရော်တွေရဲ့ အသိုက်ထဲကို တက်သွားတယ် .. နောက် ကလေးတွေကိုသာမက တစ်ကောင်လုံး စားပစ်တယ် … အဲဒီကျွန်းပေါ်မှာ ကြွက်တွေ သန်းနဲ့ချီ ရှိနေပြီ ”လို့ ပြောပါတယ်။

Google Earth

တကယ်တော့ ကြွက်တွေရဲ့သဘာဝက ကောက်ပဲသီးနှံ့တွေ ဖျက်ဆီးစားသောက်မယ်၊ အများဆုံး အင်းဆက်အငယ်ကောင်တွေ၊ ကဏန်းတွေကို စားသောက်မယ်။ ဒါပေမယ့် ဧရာမစင်ရော်ကြီးတွေကိုတောင် ညတွင်းချင်း အပြုတ်ဖြုတ်နေတာမျိုးဟာ အတော်လေး ရှားပါးတဲ့ သဘာဝဖြစ်စဉ်ပါ။ ကြွက်တွေကို မျိုးတုန်းအောင် သတ်ပစ်နိုင်မှ စင်ရော်မျိုးမပြုတ်ဖို့ သေချာမယ့် သဘောဖြစ်နေပါတော့တယ်။

လင်းသုတ

SHARE