လက်တွေ့ဘ၀မှာ ဇွန်ဘီတွေ တကယ်ဖြစ်လာနိုင်ဟု သိပ္ပံပညာကဆို

Image by Stefan Keller from Pixabay

ဇွန်ဘီတွေကို ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာ မြင်ဖူး၊ကြားဖူးကြမှာပါ။ လူအကောင်းပကတိကနေ ဇွန်ဘီတစ်ယောက် ဖြစ်သွားဖို့ အခွင့်အရေးဟာ လက်တွေ့ဘ၀မှာရော မဖြစ်နိုင်ဘူးလို့ ယူဆပါသလား။ သိပ္ပံပညာဘက်ကနေ ကြည့်တဲ့အခါ လူတစ်ယောက်ကနေ ဇွန်ဘီတစ်ယောက် ဖြစ်သွားနိုင်တဲ့ အနေအထားတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဘာတွေကြောင့် ဇွန်ဘီဖြစ်နိုင်လည်းဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ဦးနှောက်ကပ်ပါးကောင်

အသိစိတ်ကင်းမဲ့နေပြီး တိရစ္ဆာန်တစ်ကောင်လို ငြီးတွားရင်း လျှောက်သွားနေတဲ့ ဇွန်ဘီတွေ ဖြစ်လာစေမယ့် ပယောဂတစ်ခုကတော့ ဦးနှောက်ကပ်ပါးကောင်ကြောင့် ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ toxoplasmosa gondii ဆိုတဲ့ ကပ်ပါးကောင်တစ်မျိုးဟာ ကူးစက်သွားမိပြီဆိုရင် စိတ်ကစဥ့်ကလျားဖြစ်တာ၊ ဖျားနာတာ၊ တုပ်ကွေးမိတာနဲ့ ကလေးငယ်တွေမှာဆိုရင် ဥာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတာ၊ အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီကပ်ပါးကောင်ဟာ ကြွက်တွေကို ကူးစက်ပြီး ကူးစက်ခံရတဲ့ကြွက်တွေဟာ အလိုလျောက် ကြောင်တွေရှိရာကိုသွားပြီး အစားခံလေ့ရှိကာ ကြောင်တွေက ဒီကပ်ပါးပိုးကို သယ်ဆောင်ထားတတ်တယ်လို့ စမ်းသပ်မှုတွေက ဆိုပါတယ်။ ဒါ့အပြင် ဒီကပ်ပါးကောင် ကူးစက်ခံထားရတဲ့ လူတွေဟာ အချိန်ကာလကြာမြင့်လာတဲ့အခါမှာ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာတွေမှာ ပြောင်းလဲမှုတွေ ရှိလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ နာဖျားတာနဲ့ မိမိကိုယ်ကိုအဆုံးစီရင်တာ၊ သို့မဟုတ် အဆုံးစီရင်ဖို့ ကြိုးစားတာတွေ ဖြစ်လာအောင် စေ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။ လက်ရှိကမ္ဘာမှာ ဒီကပ်ပါးကောင် ကူးစက်ထားပြီးတဲ့လူဟာ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ကိုယ်ခံအားစနစ်ကြောင့်သာ ကူးစက်ခံရတဲ့လူတိုင်းမှာ မပေါ်လွင်တာဖြစ်ပြီး ဇီဝလက်နက်တွေ ထုတ်လုပ်ဖို့ စိတ်ကူးလာကြပြီဆိုရင် ဒီကပ်ပါးကောင်ကို ထပ်အဆင့်မြင့်လိုက်ရုံနဲ့ ရုပ်ရှင်တွေထဲမှာ မြင်ရသလို ဇွန်ဘီတွေ တကယ်ဖြစ်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။

READ
ရပ်နေတဲ့ကားဆီ အတင်းဝင်တိုးပြီး ဒရိုင်ဘာကိုငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့အမျိုးသမီး
currens/Pixabay

အာရုံကြောစနစ်ကို နှောင့်ယှက်တဲ့အဆိပ်

ဒီအဆိပ်ကတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအားလုံးကို နှေးကွေးရပ်တန့်သွားစေနိုင်ပြီး လူကို သေသွားသလို ဖြစ်စေနိုင်ပါတယ်။ တော်ရုံဆရာဝန်တစ်ယောက်က အပေါ်ယံစမ်းသပ်မှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် သေသွားပြီလို့တောင် အတည်ပြုပေးလို့ရတယ်လို့ ဆိုပါတယ်။ datura stramonium လို့ခေါ်တဲ့ ဆေးနဲ့ သူနဲ့အလားသဏ္ဍာန်တူ အာနိသင်ရှိတဲ့ ဆေးတွေဟာ လူတစ်ယောက်ကို မှတ်ဥာဏ်မရှိတော့ဘဲ ပုံမှန်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အိပ်တာ၊ စားတာနဲ့ အသံထွက် ငြီးငြူပြီး လှုပ်ရှားမှုပြုစေနိုင်တယ်လို့ သိရပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကတော့ ဇွန်ဘီဆိုတဲ့ စကားလုံး စတင်ပေါ်ပေါက်ခဲ့တဲ့ ဟေတီနိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Clairvius Narcisse လို့ခေါ်တဲ့ ဟေတီအမျိုးသားတစ်ယောက်ကို ဆရာဝန်နှစ်ယောက်ရဲ့ သေဆုံးကြောင်း အတည်ပြုချက်နဲ့အတူ ၁၉၆၂ခုနှစ်မှာ မြေမြုပ်သဂြိုဟ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်(၁၈)နှစ်အကြာမှာ သူ့ကို သူ့ရဲ့ရွာနားမှာပဲ လျှောက်သွားနေတာ ပြန်လည်မြင်တွေ့ခဲ့ကြရပါတယ်။ အကြောင်းကတော့ အဲ့ဒီ့ဒေသက စုန်းကဝေအတတ်တွေ တတ်ကျွမ်းတဲ့ နတ်ဆရာတွေဟာ သေသူတွေကို ဓာတုဆေးရည်တစ်မျိုးနဲ့ ပြန်လည်အသက်သွင်းပြီး သူတို့ရဲ့သကြားစိုက်ပျိုးတဲ့ လုပ်ငန်းခွင်မှာ ခိုင်းစေနေလို့ပဲ ဖြစ်ပါတယ်။

currens/Pixabay
ဇွန်ဘီတွေလို တကယ်ဒေါသပြင်းစေမယ့် အဆိပ်

ရုပ်ရှင်တွေထဲမှာ ဇွန်ဘီတွေဟာ အမျက်ချောင်းချောင်းထွက်ပြီး တွေ့သမျှလူတိုင်းကို လိုက်သတ်ကြတာကို ကြည့်ဖူးမှာပါ။ အဲ့ဒါဟာ စိတ်ကူးယဉ်သက်သက်လို့တော့ ပြောလို့မရပါဘူး။ လူတွေမှာလည်း ဦးနှောက်ကစဥ့်ကလျားဖြစ်ပြီး အလားတူ ဖြစ်ရပ်၊ လုပ်ရပ်မျိုးတွေ ဖြစ်နိုင်ချေများစွာ ရှိနေပါတယ်။ အနီးစပ်ဆုံးကတော့ နွားရူးရောဂါပဲ ဖြစ်ပါတယ်။ နွားရူးရောဂါ ကူးစက်ခံလိုက်ရတဲ့ နွားဟာ အခြားသော နွားတွေကို မာန်ဖီပြီး လိုက်လံတိုက်ခိုက်တတ်ပါတယ်။ အဲ့လိုကူးစက်ခံရပြီး သေဆုံးသွားတဲ့ နွားရဲ့အသားကို တစ်ဆင့်စားသုံးတဲ့လူတွေမှာလည်း အဆိပ်ကူးစက်မိပြီးသား ဖြစ်စေလို့ တစ်ထေရာတည်းတူတဲ့ ဖြစ်ရပ်တွေ နောက်ဆက်တွဲ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ နွားရူးရောဂါ လူတွေကို ကူးစက်သွားတဲ့အခါ လမ်းလျှောက်ပုံ ပြောင်းလာတာ၊ ထင်ယောင်ထင်မှားတွေ မြင်တာ၊ ခန္ဓာကိုယ်က ဟန်ချက်မညီတော့တာ (ဥပမာ – ဒယီးဒယိုင် လမ်းလျှောက်တာ၊ လမ်းလျှောက်နေရင်း ပစ်လဲတာ)၊ အကြောဆွဲတာ၊ ကိုယ်တစ်ခြမ်းသေတာနဲ့ ရုတ်ချည်း စိတ်ဖောက်ပြန်တာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီရောဂါကိုမှ ဇီဝလက်နက်အဖြစ် ပြောင်းလဲသုံးစွဲချင်သူတွေဟာ သွေး (သို့မဟုတ်) တံတွေးကနေတစ်ဆင့် ကူးစက်နိုင်မယ့်ပုံစံမျိုး ထပ်အဆင့်မြှင့်တင်လိုက်မယ်ဆိုရင်တော့ အကိုက်ခံရရုံနဲ့ ဇွန်ဘီကားတွေထဲကလို တန်းစီပြီး ဇွန်ဘီတွေ ဖြစ်လာနိုင်ပါတယ်လို့ ဆိုရင်း …

READ
အွန်လိုင်းမှာဖျားယောင်းသွေးဆောင်ပြီး အပြင်မှာခေါ်တွေ့ကာအဓမ္မပြုကျင့်ခဲ့သူ ထောင်ဒဏ်၁၁နှစ်ကျ

Source: Cracked.com, psychologytoday.com, medicinenet.com

အလင်းဦး (Shwemom)
SHARE