ပေကျင်းမှာရှိတဲ့ တိရစ္ဆာန်ရုံတစ်ရုံဟာ အသက်အရွယ် အိုမင်းနေပြီဖြစ်တဲ့ မျောက်ဝံမကြီးတစ်ကောင်ကို တရုတ်ရိုးရာအနှိပ်ပညာသုံးပြီး ကုသပေးခဲ့ပါတယ်။ ပန်ပန် အမည်ရတဲ့ မျောက်ဝံမကြီးဟာ အသက်ကြီးလာတာကြောင့် နောက်ခြေထောက်တွေ အားနည်းလာပြီး လမ်းလျှောက်ရာမှာ အခက်အခဲများစွာ တွေ့ခဲ့ရပါတယ်။

တရုတ်ရိုးရာနည်းနဲ့နှိပ်ပြီး မကုသခင် မျောက်ဝံမကြီးဟာ အစားအသောက်ရှိရာဆီ တွားသွားပြီး သွားခဲ့ရတဲ့အထိ အခြေအနေ ဆိုးခဲ့တာပါ။ တရုတ်ရိုးရာ အနှိပ်ပညာနဲ့ တစ်နှစ်တာ ဆေးကုသမှု ခံယူပြီးနောက်ပိုင်းမှာ ပန်ပန်ဟာ ခြေလက်တွေကို အသုံးပြုပြီး လှုပ်ရှားသွားလာနိုင်နေပါပြီ။ တစ်ခါတစ်လေမှာ မတ်တပ်ရပ်ပြီးတောင် အစာစားနေနိုင်ပါပြီ။

တိရစ္ဆာန်တွေကို (၁၅)နှစ်တာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ တိရစ္ဆာန်ရုံ အမှုထမ်းတစ်ဦးဖြစ်သူ ၀မ်ကျန်းကတော့ တရုတ်ဆေးဝါးတွေဟာ အစွမ်းထက်ကြောင်းနဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ တိရစ္ဆာန်ရုံတွေမှာလည်း အလားတူ တရုတ်အနှိပ်ကုထုံးကို ကုသနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။

(၂၀၁၇)ခုနှစ် အစောပိုင်းတုန်းကတော့ အမေရိကန် မျောက်ဝံကျွမ်းကျင်ပညာရှင်တွေဟာ တိရစ္ဆာန်ရုံကို လာရောက်စစ်ဆေးကြပါတယ်။ ဆရာဝန်တွေက ပန်ပန်ရဲ့ နောက်ခြေတွေဟာ အင်မတန်အားနည်းနေပြီး သွားအချို့လည်း မရှိတော့ကြောင်း တင်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ကျန်တဲ့ကျန်းမာရေးတော့ အားလုံးကောင်းမွန်ကြောင်း မှတ်ချက်ပေးခဲ့တယ်လို့ ၀မ်ကျန်းက ရှင်းပြပါတယ်။

ပန်ပန်ရဲ့ ကျန်းမာရေးဆိုးဝါးရတဲ့ အကြောင်းရင်းဟာ သူမအချိုကြိုက်တာကြောင့်ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ကြတော့ သူမက မကြိုက်ဘူးလို့ သိရပါတယ်။ ၀မ်ကျန်းကိုယ်တိုင်ဟာ တရုတ်ဆေးဝါးတွေကို ယုံကြည်သူတစ်ဦးဖြစ်ပြီး တရုတ်အရိုးအကြော ကုထုံးတွေဟာ အသက်အရွယ် အိုမင်းနေတဲ့ တိရစ္ဆာန်တွေအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ဆိုပါတယ်။ ၀မ်ကျန်းဟာ ကိုယ်တိုင်တိရစ္ဆာန်ရုံမှာ အရိုးအကြော ဝေဒနာခံစားနေရတဲ့ မျောက်ဝံတွေကို နှိပ်နယ်ကုသပေးဖို့ အဖွဲ့တစ်ဖွဲ့လည်း ဖွဲ့စည်းထားကြောင်း သိရပါတယ်။

မျောက်ဝံမကြီးပန်ပန်ကို ၀မ်ကျန်းကိုယ်တိုင် နှိပ်နယ်ကုသပေးပြီး ပန်ပန်ရဲ့နောက်ကျောဘက်ကို ဆေးစည်းပေးလေ့ရှိပါတယ်။ နှိပ်နယ်နေတုန်း ပန်ပန်က အသာတကြည်နဲ့ ငြိမ်ငြိမ်လေးနေတယ်ဆိုရင် ကုသပြီးတဲ့အခါ ဆုချတဲ့အနေနဲ့ ပန်ပန့်ကို အရုပ်ထရပ်ကားတစ်စီးနဲ့ အပြည့် ပေါက်ပေါက်ဆုပ်တွေကို ကျွေးမွေးလေ့ရှိပါတယ်။ အခုဆိုရင် ပန်ပန်ဟာ တဖြည်းဖြည်းနဲ့သန်မာလာပြီး ခြေလက်(၄)ချောင်းစလုံးနဲ့ လှုပ်ရှားသွားလာနေနိုင်ပြီလို့ သိရပါတယ်။

လင်းလင်း (ShweMom)
Ref: Dailymail