ကားကုန်တွဲကြီးကို ကိုယ်ပိုင်အိမ်လေးအဖြစ် အသွင်ပြောင်းခဲ့တဲ့ (၁၁)နှစ်သမီးလေး

YouTube_WKBW

မျက်မှောက်ခေတ်မှာ လူတို့ နေထိုင်စရာတွေဟာ ကျဉ်းမြောင်းလာခဲ့ပါတယ်။ ကိုယ့်အိမ်တစ်ခုတည်းကို အရင်ကြည့်ပါလား။ လွန်ခဲ့တဲ့ (၁၀)နှစ်က အိမ်ဟာ အရင်တုန်းကလို ကျယ်ကျယ်လွင့်လွင့်မဟုတ်တော့ဘဲ တစ်နှစ်နဲ့တစ်နှစ် အဝတ်အစားတွေ၊ ဘီရိုတွေ၊ ပရိဘောဂတွေ ပြည့်နှက်ပြီး၊ နေလို့ထိုင်လို့ သိပ်မချောင်လည်တော့ဘူးဆိုတာ သင် တွေးမိပါလိမ့်မယ်။

အခုတလော ခေတ်စားနေတာကတော့ အိမ်ငယ်လေးတွေဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းဆန်ဆန် တည်ဆောက်မှုတွေဟာ လူကြိုက်များလာခဲ့ပြီး၊ တချို့ကတော့ ပညာရှင်တွေနဲ့ ခေါ်ဆောက်ကြသလို၊ တချို့ကတော့ ကိုယ်ပိုင်စိတ်ကူးတွေ၊ လက်တွေ့ဗွီဒီယိုတွေကြည့်ပြီး ဆောက်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတာ ကဗျာဆန်ပြီး နေချင့်စဖွယ် ဖြစ်ဖို့က လိုရင်မဟုတ်ပါလား …?။

YouTube_WKBW

အခုလည်း အမေရိကန် နယူးယောက်ခ်က အသက်(၁၁)နှစ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်ဟာ Caravan ကားနောက်တွဲကြီးကို သူမရဲ့ကိုယ်ပိုင်အခန်းငယ်လေးအဖြစ် အသွင်ပြောင်းလိုက်တာပါ။ ကလေးမလေးရဲ့အမည်ကတော့ Lauren Nelson ဖြစ်ပြီး၊ သူမဟာ American Girl Doll ထဲက VW surf bus toy လေးကိုမြင်ပြီး ဒီစိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။

အသုံးမလိုဘဲ ပစ်ထားတဲ့ VW bus တစ်စီးကို ဝယ်ပေးဖို့ မိဘတွေကို ပူဆာတဲ့အခါ စာရိတ်က ဒေါ်လာ (၆၅၀)အထိ ရှိနေလို့ ဖခင်ဖြစ်သူက ဝယ်ပေးဖို့ စိတ်ကူးမရှိပါဘူး။ တကယ်လည်း အသုံးတည့်တဲ့ဟာမျိုးမဟုတ်တော့ ကိုယ့်မုန့်ဖိုးနဲ့ကိုယ်စုပြီးဝယ်ပေါ့ဆိုပြီး စနောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Lauren ကတော့ အသည်းမာသူတစ်ယောက်ပါ။

သူမ ဖြစ်ချင်တာကို အကောင်အထည် ဖော်တတ်သူပီပီ၊ ဖခင်ပြောတဲ့အတိုင်း မုန့်ဖိုးတွေကို သုံးမပစ်ဘဲ စုထားခဲ့ပါတယ်။ မကြာမီမှာ လိုအပ်ချက် ပြည့်သွားလို့ Caravan အဟောင်းတစ်ခု ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ ရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိုင်း အိမ်နီးနားချင်းတစ်ဦးက Caravan  ရောင်းဖို့ရှိနေတာပါ။

Facebook_Aimee Nelson

ဝယ်ဈေးကို ဒေါ်လာ(၄၀၀)လောက်နဲ့ ရအောင် စစ်ပြီး၊ နောက်ဆုံး Caravan  ကို အိမ်ဆီအထိ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ တကယ်တမ်းက ကလေးတစ်ယောက်အဖို့ Caravan ကို အိမ်အဖြစ်ပြင်ဖို့ဆိုတာ အလွန်အလှမ်းဝေးတဲ့ စိတ်ကူးပါ။ ကြီးမားတဲ့ သန့်ရှင်းရေး အရင်လုပ်ရသလို၊ ကြွက်တွေဘာတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရပါတယ်။

အတွင်းပိုင်း ပစ္စည်းတွေအတွက် Lauren က ငွေအများကြီး အကုန်အကျမခံဘဲ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဖို့ ပြင်ဆင်ပါတယ်။ ဒါတောင် ဒေါ်လာ (၄၀၀)လောက် ထပ်ကုန်သွားပါတယ်။ အခုဆိုရင် ကိုယ်ပိုင်အိမ်ငယ်လေးက တကယ့်ကိုနေချင့်စဖွယ်လေး ဖြစ်သွားပါပြီ။ ဒီအတွက် Lauren ကတော့ အလွန်ကျေနပ်နေပါတယ်။

သူမက “ ကျွန်မက ဒီအိမ်လေးကို ချစ်ပါတယ် … ကျွန်မက ပြန်လည်မွမ်းမံရတာတွေကို သဘောကျတယ် … ဒီအိမ်လေးနဲ့ပတ်သက်ပြီး ကျွန်မ တကယ် ယုံကြည်ချက် ရှိနေခဲ့တာပါ … ကျွန်မအနေနဲ့ ကိုယ်ပိုင်လို့ သတ်မှတ်လို့ရတဲ့ အိမ်ငယ်လေးမျိုး လိုချင်နေတာ ကြာပါပြီ ”လို့ ပြောခဲ့ပါတယ်။

သူမက ဒီအိမ်လေးကို Camp Hygge လို့ အမည်ပေးထားပါတယ်။ သူမက “ ဒီအိမ်လေးကို Camp Hygge လို့ အမည်ပေးထားတယ် … ဆိုလိုတာက ဒီအိမ်လေးက အရမ်းသက်တောင့်သက်သာရှိပြီး ဘေးကင်းလုံခြုံပါတယ် … ရေချိုးခန်းကော မီးဖိုချောင်ကော ပါတယ် …. တကယ်လည်း အိမ်သေးသေးလေးနဲ့ တူနေပါတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသုတ

SHARE