အိမ်ထောင်ရေးမှာ စိတ်ပိုင်းအကြမ်းဖက်မှုခံနေရကြောင်း သိသာစေတဲ့ လက္ခဏာများ

အင်္ဂလန်နိုင်ငံမှာ အနာဂတ်ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူများကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အစီအစဉ်တွေကို ချမှတ်တော့မယ့်အကြောင်း သိရပါတယ်။ တရားရုံးတွေကပေးပို့တဲ့ သတင်းများအရ အိမ်တွင်းမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေဟာ အခြားနေရာတွေမှာ ဖြစ်ပွားတဲ့အကြမ်းဖက်မှုတွေထက် ပိုမိုပြင်းထန်ကြတယ်လို့ ဆိုထားပါတယ်။

တရားရုံးတွေက ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်သူတွေကိုလည်း ထောင်ဒဏ်ပေးနိုင်ကြောင်း ဆိုခဲ့ပါတယ်။ ဒီအထဲမှာ နည်းပညာအကူအညီကိုသုံးပြီး ဆိုရှယ်မီဒီယာတွေကနေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပွားအောင် လုပ်ဆောင်တဲ့အပြုအမူတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဆိုတာ ပထမတော့ ငုပ်လျှိုးနေတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ အစိုင်အခဲကြီးလာပြီး အိမ်ထောင်ရေးမှာ အန္တရာယ်တစ်ခု ဖြစ်လာစေပါတယ်။

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေဟာ အပြစ်ရှိသူတစ်ယောက်ကဲ့သို့ခံစားရပြီး ကြာလာတဲ့အခါ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု၊ ယုံကြည်ချက်စတာတွေလည်း ပျောက်ဆုံးကုန်ပါတယ်။ တကယ်လို့ စာဖတ်သူဟာ အောက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေခံစားနေပြီလို့ ယူဆနိုင်ပါတယ်။

၁။ အလှောင်ခံရတယ်

လင်မယားတွေဟာ ကိစ္စတစ်ခုနဲ့ပတ်သက်လို့ ကိုယ့်လုပ်ပုံကိုင်ပုံမဟုတ်ခဲ့ရင် ရယ်စရာ၊ နောက်ပြောင်စရာအနေနဲ့ ပြောဆိုတတ်ကြလေ့ရှိပါတယ်။ ဒီအခါမှာ တစ်ခုသတိထားရမှာက ကိုယ်အသုံးမကျတဲ့အဖြစ်ကိုလူအများအရှေ့မှာ ပြောပြပြီးလူတွေကိုရယ်စရာဖြစ်အောင်ပြောနေတာလားဆိုတာပါ။ လူတွေက ကိုယ့်ကို အထင်အမြင်သေးမယ့်စကားတွေကို တမင်သက်သက် လူပုံအလယ်မှာ အရှက်ခွဲပြောနေတာဆိုရင်တော့ ကိုယ်ဟာ စိတ်ပိုင်းဆိုင်ရာမှာ အကြမ်းဖက်မှုခံနေရပြီဖြစ်ပါတယ်။

၂။ အပြစ်ရှိသလို ခံစားနေရတယ်

အကြောင်းရင်းမယ်မယ်ရရလည်း မရှိပါပဲနဲ့ တစ်ချိန်လုံး စိတ်မသက်မသာဖြစ်နေရတယ်ဆိုရင်လည်း စဉ်းစားသင့်ပါတယ်။ ကိုယ့်ရဲ့ အဖော်က လွဲမှားတဲ့အပြုအမူတွေလုပ်နေပြီး သူတို့အမှားပြုလုပ်ရတဲ့အကြောင်းရင်းက ကိုယ့်ကြောင့်လို့ဆိုပြီး တရားခံ အမြဲရှာတဲ့ဖြစ်ရပ်မျိုးတွေပါ။

READ
ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ကိုယ့်မကောင်းကြောင်းတွေကို ပြောနေခဲ့သူဖြစ်မယ်ဆိုရင်...

၃။ ခုတုံးလုပ်ခံရတယ်

အနိုင်ကျင့်တတ်တဲ့ခင်ပွန်း၊ (သို့) ဇနီးဟာ သူတို့တစ်ခုခု အမှားအယွင်းလုပ်ခဲ့ပြီးနောက် ကိုယ်ကပြန်မေးခွန်းထုတ်တဲ့အခါ ကြီးကြီးမားမား ချစ်ခင်ကြောင်း ပြတဲ့အပြုအမူမျိုးတွေ လုပ်ပြတတ်ကြပါတယ်။ ဈေးကြီးတဲ့နေရာမှာ အပြင်ထွက်စားဖို့ခေါ်တာ၊ မထင်မှတ်ထားပဲ လက်ဆောင်ဝယ်ပေးတာ၊ ပန်းစည်းပေးတာစတာတွေနဲ့ သူတို့အမှားကို ပြန်ထေဖို့ကြိုးစားပြီး စိတ်ထားပျော့ပြောင်းသွားအောင် ပြုလုပ်တာဖြစ်ပါတယ်။

၎။ ကိုယ့်ကိုကိုယ် သံသယဖြစ်စေတယ်

ကိုယ့်ရဲ့အဖော်ဖြစ်သူဟာ တနည်းနည်းနဲ့ ကိုယ့်ရဲ့ ကြောင်းကျိုးကျကျဝေဖန်ပိုင်းခြားနိုင်စွမ်းအပေါ် သံသယရှိစေတာဖြစ်ပါတယ်။ အရင်တုန်းက ကိုယ့်ကို ပြောထားတာတစ်မျိုး၊ နောက်ပိုင်းပြောထားတာ တစ်မျိုးနဲ့ စကားကို ဝေ့လည်ကြောင်ပတ်ပြောပြီး ကိုယ်ကပဲ အမှတ်မှားနေသယောင် စိတ်ဝေဒနာပဲဖြစ်နေသယောင် ပြောဆိုတတ်တာ ဖြစ်ပါတယ်။

၅။ အခွင့်အရေးတွေပိတ်ပင်ခံရတယ်

တစ်ခါတလေမှာ ကိုယ်လုပ်တဲ့အလုပ်နဲ့ပတ်သက်လို့ ထူးထူးခြားခြား အခွင့်အလမ်းလေးတွေကို တွေ့ရှိလာတာတွေရှိပါတယ်။ ဒီအကြောင်း ကိုယ့်အဖော်ကိုပြန်ပြောပြတဲ့အခါ  သူတို့က မကောင်းမြင်စိတ်ထားတွေနဲ့ ဝေဖန်တာ၊ ကိုယ့်ရည်ရွယ်ချက်တွေ အားလျော့ပျက်ပြယ်အောင် ဖျက်လိုဖျက်ဆီးလုပ်နေတာဆိုရင်တော့ သင်ဟာ သေချာပေါက်ကို စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားနေရပြီဖြစ်ပါတယ်။

၆။ အပြစ်တင်ခံနေရတယ်

အစပိုင်း ချစ်သူသမီးရည်းစားဘ၀မှာတော့ ကိုယ့်ချစ်သူဟာ ဘယ်လောက်ချောကြောင်းလှကြောင်း အရေးတယူပြောတတ်ကြပေမယ့် အိမ်ထောင်သက် ရင့်လာတဲ့အခါမှာ ဒါတွေဟာ ကြားရခဲတဲ့စကားတွေ ဖြစ်လာနေပါပြီ။ အပြစ်မရှိအပြစ်ရှာပြီး ကိုယ်ဝတ်တဲ့အ၀တ်အစားက ဘယ်လိုအချိုးမပြေတာ၊ ကိုယ်အလေးချိန်တွေနဲ့ပတ်သက်ပြီး ၀လွန်းတာ စသဖြင့်အစစအရာရာမှာ အပြစ်တင်အပြောခံနေရတာ ဖြစ်ပါတယ်။ ကိုယ်က ပြန်လည်တုံ့ပြန်ပြောဆိုတဲ့အခါမှာလည်း အရမ်းအကဲဆတ်လွန်းတယ်လို့ အပြောခံရပါသေးတယ်။

READ
စိတ်ဖိစီးမှုကို ပြေလျော့စေတယ်လို့ ပညာရှင်တွေပြောတဲ့ ASMR ဗီဒီယိုများအကြောင်း

၇။ တစ်ယောက်တည်းနေရတာကို ပိုသဘောကျလာတယ်

တခါတလေ ကိုယ့်ခင်ပွန်း (သို့) ဇနီးက အပြင်သွားနေတဲ့အခါ နေရထိုင်ရတာ လွတ်လွတ်လပ်လပ်ရှိလာမယ်။ သူမရှိတဲ့အတွက်ကြောင့် ကိုယ့်မှာဆွဲထားတဲ့ အလေးကြီးတစ်ခုကျသွားသလို ပေါ့ပါးသွားမယ်ဆိုရင်တော့ သူနဲ့ ကိုယ်ရဲ့ အိမ်ထောင်ရေးအခြေအနေကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီ။

၈။ လျစ်လျူရှုထားခံရတယ်

ကိုယ့်ရဲ့ခင်ပွန်း(သို့) ဇနီးသည်ဟာ ကိုယ့်ကို ရက်ပေါင်းများစွာ သူ့ခေါင်းထဲကနေ ထုတ်ထားနိုင်တယ်။ ကိုယ်နဲ့မျက်လုံးချင်းလဲမဆုံတော့တဲ့အပြင် စကားလည်း မပြောတော့ဘူး။ မေးကြည့်တဲ့အခါမှာလည်း ဘာမှမရှင်းပြဘူး။ တစ်ချိန်တည်းမှာပဲ သူအခုလိုဖြစ်ရတာ ကိုယ့်ကြောင့်လို့ စွပ်စွဲပြောဆိုတယ်။ တစ်ခါတစ်လေ အိမ်ကနေအကြာကြီး ညအိပ်ညနေထွက်သွားပြီး ပြန်လာတဲ့အခါမှာလည်း သူဘာလုပ်ခဲ့တယ်ဆိုတာကို ပြန်မရှင်းပြဘူး။ ဒီအပြုအမူတွေကလည်း ရက်စက်ပြီးမစာနာတဲ့အပြုအမူတွေဖြစ်ကာ ကိုယ့်ယောက်ျား (သို့) ဇနီးမယားအပေါ်မှာ လေးစားမှုမရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်အကြမ်းဖက်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE