Saturday, April 20, 2024
HomeLifestyleFA ဘဝကနေ အမြန်ဆုံး ကျွတ်လွတ်စေနိုင်မယ့် နည်းလမ်း ၅ မျိုး

FA ဘဝကနေ အမြန်ဆုံး ကျွတ်လွတ်စေနိုင်မယ့် နည်းလမ်း ၅ မျိုး

လူတော်တော်များများရဲ့ ပါးစပ်ကနေ Single is the best လို့ ပြောတဲ့ စကားကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ အဲဒီစကားဟာ ဘယ်တော့မှ အချိန်တိုင်း မှန်တယ်ဆိုတာမျိုး မရှိပါဘူး။ ချစ်သူနဲ့ စိတ်အခန့်မသင့်တဲ့ အချိန်မျိုးတွေ၊ ကြိုက်မယ့်လူမရှိလို့ FA ဖြစ်နေတဲ့ လူတွေရဲ့ ပါးစပ်ကနေသာ အဲဒီစကားမျိုး ထွက်လာတာပါ။ တကယ်တမ်းတော့ ရခဲလှတဲ့ လူ့ဘဝကြီးမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်နဲ့ ပျော်ပျော်ကြီး နေကြည့်လိုက်ပါ။ အဲဒီလို နေကြည့်ဖူးမှသာ ငါအရင်ကတည်းက ဘာကြောင့် ရည်းစားမထားခဲ့မိပါလိမ့်ဆိုတဲ့ အတွေးတွေကို ကျိန်းသေတွေးမိနေမှာ အမှန်ပါပဲ။ ထားပါတော့။ အခုပြောပြချင်တာကတော့ ဝါရင့် FA တွေအတွက် အဲဒီလိုမျိုး တစ်ယောက်တည်း ဘဝကနေ အမြန်ဆုံး ကျွတ်လွတ်နိုင်စေမယ့် နည်းလမ်း ၅ မျိုးပဲ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့အမီ FA တွေ စွံနိုင်ဖို့အတွက် ရည်စူးပြီး တင်ဆက်ပေးလိုက်ရပါတယ်။

၁။ ကိုယ်ကိုယ်တိုင် ချစ်သူကို ရှာစရာမလိုဘဲ ပတ်ဝန်းကျင်ကလူတွေ ရှာပေးနိုင်အောင်နေထိုင်ပါ

pixabay/3194556

FA တွေအတွက် ခံစားရ အခက်ဆုံး မေးခွန်းတစ်ခုက သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆုံတဲ့ အခါမျိုးကျရင် “အခုအချိန်အထိ တစ်ယောက်တည်းပဲလား”ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင် FA တွေမှာ ဘာပြောလို့ ပြောရမှန်းမသိဘဲ ဖြစ်နေတတ်ရပါတယ်။ ဒီတစ်ခါဆိုရင်တော့ အဲဒီလို မေးခွန်းလာထုတ်တဲ့လူတွေကို မေးခွန်းနဲ့ ပြန်သတ်ပါ။ ဥပမာ- “အင်း။ တစ်ယောက်တည်းပဲဆိုပါတော့။ စကားမစပ် မင်းတို့သိတဲ့လူတွေထဲက တစ်ယောက်လောက်ကို ငါနဲ့ blind date မလုပ်ပေးချင်ဘူးလား”လို့သာ ပြန်မေးလိုက်ပါ။ အဲဒီလိုအချိန်ကျရင် ကိုယ့်ကို အဲဒီလိုမေးတဲ့လူတွေဟာ ကိုယ်နဲ့ဒိတ်ဖို့ လူတစ်ယောက်ကို သူတို့အသိတွေထဲက အမြန်ဆုံးရှာပေးပါလိမ့်မယ်။ မြန်မာလူမျိုးတော်တော်များများက အဲဒီလိုမျိုး အောင်သွယ်တဲ့ အလုပ်မျိုးကို အရမ်းလုပ်ချင်ကြတာပါ။ တကယ်လို့ သူတို့ကနေပြီးတော့ Date ဖို့လူကို ရှာမတွေ့ဘူးဆိုရင်တော့ “မင်းတို့လို အပေါင်းအသင်းတွေရှိလို့ ငါဒီအချိန်ထိ FA ဖြစ်နေတာပဲ။ တော်တော်ကို အသုံးမကျဘူး”ဘာညာနဲ့ ကိုယ်က ရုပ်တည်ကြီး ဟောက်စားပြန်လုပ်ပေးလိုက်ပါ။

၂။ Social Media ကနေ ချစ်သူရအောင်ကြိုးစားပါ

ဆိုရှယ်မီဒီယာကတော့ ဒီနေ့ခေတ်မှာ လူတိုင်းလိုလို သုံးနေကြတာပါပဲ။ ဥပမာ- Facebook မှာ ချစ်သူတစ်ယောက် ရှာချင်တယ်ဆိုပါတော့။ ကိုယ်ကြိတ် crush နေတဲ့ ကောင်မလေးရဲ့ ပို့စ်တွေကို သူဘာတင်တင် ကိုယ်က love react ပဲ သီးသန့်ပေးပါ။ ဘာတင်တင်ဆိုလို့ ဝမ်းနည်းစရာကိစ္စတွေ၊ အဖေအမေဆုံးတဲ့ ကိစ္စမျိုးတွေကိုတော့ love react သွားမပေးမိပါစေနဲ့။ ထားပါတော့။ ပြီးတာနဲ့ သူ့ရဲ့ Myday မှာ တင်ထားတဲ့ အရာလေးတွေကနေ စကားစပြောနိုင်အောင် ကြိုးစားပါ။ ခွေးပုံလေးတင်ထားတယ်ဆိုရင်လည်း ခွေးလေးက ချစ်စရာလေးနော်၊ ကိုယ်လည်း ခွေးမွေးဖို့ စဉ်းစားနေတာ၊ ဘယ်လိုကောင်မျိုးလေးတွေ မွေးရမလဲ အစရှိသဖြင့် စကားစပြီး ရင်းနှီးမှုတစ်ခု ရအောင်ယူပါ။ နောက်တစ်ခုကတော့ ကောင်မလေးက အစားအသောက်ပုံတွေ တင်ထားရင်လည်း စားချင်စရာလေး၊ ဘယ်ကမှာတာလဲ၊ ကိုယ်တိုင်ရော အစားအသောက်တွေ လုပ်ရတာ ဝါသနာပါလား၊ ကိုယ်ကတော့ အစားအသောက်လုပ်တာ ဝါသနာပါတယ် ဘာညာနဲ့ စကားချင်း ရင်းနှီးမှုရအောင်ယူပါ။ ပြောချင်တာက အပြင်မှာ လူချင်းမတွေ့ဖူးဘဲနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲကို နေရာယူချင်တဲ့ အခါမျိုးမှာ ကိုယ်ယူချင်ရင် ယူတတ်သလောက်ရပါတယ်။

၃။ သူငယ်ချင်းတွေကိုလည်း အားကိုးဖို့ မမေ့ပါနဲ့

ကိုယ်ကြိုက်နေတဲ့ ကောင်မလေးက ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးရဲ့ သူငယ်ချင်း ဖြစ်နေတယ်ဆိုပါတော့။ အဲဒီလို အခါမျိုးကျရင် ဘော်ဒါတွေရဲ့ အကူအညီကို အပြည့်အဝယူပါ။ အထူးသဖြင့် Double date ပုံစံမျိုးကို ဖန်တီးနိုင်အောင် ကြိုးစားပါ။ သူငယ်ချင်းရယ်၊ သူ့ချစ်သူကောင်မလေးရယ်က တစ်တွဲ၊ ကိုယ်နဲ့ သူငယ်ချင်းဘော်ဒါနဲ့က တစ်တွဲ။ အဲဒီလိုမျိုး အပြင်သွားပြီး hangout လုပ်နိုင်အောင် ကြိုးစားပါ။ ကြိုးချင်းထားရင် ကြိုးချင်းငြိ၊ အိုးချင်းထားရင် အိုးချင်းထိဆိုတဲ့ စကားအတိုင်း ၃ ခါလောက် Double date ပြီးရင် တစ်ခုခု ကျိန်းသေထူးခြားလာပါလိမ့်မယ်။

၄။ အပြင်သွားတိုင်း ကိုယ်ဟာ ရည်းစား မရှိတဲ့ FA တစ်ယောက်မှန်းသိအောင် နေထိုင်ပါ

pixabay/Pexels

ဒါကတော့ ရိုးရှင်းပါတယ်။ ကိုယ့်ကိုယ်ကို marketing ဆင်းတဲ့ သဘောမျိုးပါပဲ။ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ တီရှပ်အနက်မှာ I’M SINGLE ဆိုတဲ့ စာတန်းအဖြူပါတာမျိုးကိုသာ ဝတ်ဆင်ပါ။ အများအမြင်မှာ ပုံစံတစ်မျိုးနဲ့ ဂေါ်နေမှာ ဖြစ်သလို ကိုယ်က လူပျိုလူလွတ်မှန်းလည်း တော်တော်များများ သိသွားစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုပါ။

၅။ ဒီနည်းလမ်းကတော့ လူတိုင်းလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ

အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေက သင့်အတွက် အရမ်းခက်ခဲပြီး မလုပ်နိုင်လောက်ဘူးလို့ ထင်နေပါသလား ဒါမှမဟုတ် အဲဒီနည်းလမ်းတွေက သင့်အတွက် ချစ်သူတစ်ယောက်ရဖို့ မဆောင်ကြဉ်းပေးနိုင်ခဲ့ရင်တော့ သင့်မှာ နောက်ဆုံးလုပ်လို့ရမယ့် အလွယ်ကူဆုံး နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ ကိုယ်ကိုးကွယ်တဲ့ ဘုရားဆီမှာ ချစ်သူတစ်ယောက်ရဖို့ ထိုင်ပြီး ဆုတောင်းတာပါပဲ။ ကံကောင်းကြပါစေ။

Pyi Hein Kyaw

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading