အရင်းအနှီး အနည်းငယ်နဲ့ Onlineမှတဆင့် လုပ်ကိုင်နိုင်သော စီးပွားရေးအိုင်ဒီယာ (၇)ခု

ပစ္စည်းတွေကို ဝယ်မယ်၊ လှောင်မယ်၊ ရွေးမယ်၊ ပါကင်ထုပ်မယ်၊ ပစ္စည်းပို့မယ်။ Onlineကနေ စီးပွားရေးလုပ်တဲ့အခါမှာ ပစ္စည်းစာရင်းတွေကို စီမံခန့်ခွဲရတာဟာ တော်တော်အချိန်ကုန်စေပါတယ်။ တကယ်တော့ ကုန်စည်သိုလှောင်စီးဆင်းမှုတွေကိုအာရုံစိုက်စရာမလိုဘဲ သင့်ရဲ့စီးပွားရေးပေါ်မှာ အပြည့်အဝအာရုံစိုက်နိုင်စေတဲ့ စီးပွားရေးအိုင်ဒီယာကောင်းတွေ အများကြီးရှိပါတယ်။ အရင်းအနှီးနည်းနည်းနဲ့ ကုန်ပစ္စည်းသိုလှောင်ထားစရာမလိုတဲ့ Online စီးပွားရေးတွေဟာ ခုမှစလုပ်မယ့်လူသစ်တွေ၊ အလုပ်များတဲ့သူတွေအတွက် စွန့်ဦးတီထွင်စီးပွားရေးနယ်ပယ်မှာ အတွေ့အကြုံကောင်းတွေများစွာပေးပါတယ်။
သင်လုပ်ဖို့လိုအပ်တာက ခိုင်မာတဲ့အကြံကောင်းတစ်ခုရှိရမယ်၊ အမှတ်တံဆိပ်တစ်ခုကို ဖန်တီးနိုင်ရမယ်၊ ဈေးကွက်ရှာရမယ်၊ ပြီးတော့ Customerတွေကို ဝန်ဆောင်မှုကောင်းကောင်းပေးရမယ်။ ဒါဆို သင့်ဧည့်ခန်းထဲမှာ ပစ္စည်းတွေအပုံလိုက်ကြီးထားပြီး သင်ကိုယ်တိုင် ပို့ဆောင်ပေးရတာတွေ လုပ်စရာမလိုတော့ပါဘူး။ ကုန်ပစ္စည်းစာရင်းတွေကို စီမံခန့်ခွဲစရာမလိုအပ်ဘဲ အရင်းအနှီးနည်းနည်းနဲ့ စနိုင်တဲ့ စီးပွားရေးအိုင်ဒီယာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။


(၁) ရောင်းသူဝယ်သူ တိုက်ရိုက်ချိတ်ဆက်ပေးသော စတိုး

ဒီနည်းလမ်းကတော့ လက်ကားရောင်းသူဘက်က ပစ္စည်းသိုလှောင်တာ၊ Customer ဆီကို ပစ္စည်းပို့ပေးတာတွေကို သင့်ကိုယ်စားလုပ်ပေးရတာပါ။ သင်က ရောင်းပေးရုံပါပဲ။ ပစ္စည်းတွေကို ကိုယ်တိုင်ကိုင်တွယ်စရာမလိုပါဘူး။
ဒီနည်းလမ်းက လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေအတိုင်းပဲ ရိုးရှင်းပါတယ်။ သင်က ပစ္စည်းတစ်ခုကို ဈေးသက်သက်သာသာနဲ့ဝယ်တယ်၊ ဒီဘက်မှာ အမြတ်တင်ပြန်ရောင်းတယ်။ မတူတာကတော့ ကုန်ပစ္စည်းရောင်းသူဒိုင်က ပစ္စည်းကို ဝယ်သူထံကိုရောက်တဲ့ထိ တာဝန်ယူပေးရတာပါ။
ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချသူများစွာထံက ပစ္စည်းတွေကို သင်ကစီစစ်ရွေးချယ်ပြီးတော့ သင့်ရဲ့ Online စတိုးမှာ အမျိုးအစားပြန်ခွဲပြီးတင်ပေးရမှာပါ။ ယောဂကျင့်သူတွေအတွက် ယောဂဖျာ၊ ခွေးပိုင်ရှင်တွေအတွက် ခွေးရေသောက်ခွက် အစသဖြင့်ပေါ့။ Customer တစ်ယောက်က သင့်ထံကပစ္စည်းဝယ်ပြီဆိုတာနဲ့ သင်က ဒိုင်ဆီကို အော်ဒါတင်လိုက်ရုံပါပဲ။ ကျန်တာ ဒိုင်ကဆက်လုပ်သွားမှာပါ။ ဒါပေမယ့် Customer Sevice ကိုတော့ သင့်ဘက်ကတာဝန်ယူပေးရမှာပါ။
သင့်ဘက်က ယုံကြည်မှုကိုအရင်းတည်ပြီး ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်ပြီဆိုရင်တော့ ပြည်တွင်း၊ ပြည်ပက ကုန်ပစ္စည်းရောင်းချသူတွေနဲ့ လက်တွဲလုပ်နိုင်ပါတယ်။ မယုံကြည်ထိုက်တဲ့ ပစ္စည်းရောင်းချသူတွေဟာတော့ သင့်ကုန်အမှတ်တံဆိပ်ကို ထိခိုက်စေနိုင်ပါတယ်။

(၂) တီရှပ်တွေကို ဒီဇိုင်းဆွဲ၊ ဆေးရိုက်ပြီးရောင်းမယ်

နောက်ထပ်တဆင့်ခံ ရောင်းချတဲ့ပုံစံတစ်မျိုးပါပဲ။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ဒိုင်ထံမှာ တီရှပ်တွေကို သိုလှောင်ပြီး တံဆိပ်ရိုက်မယ်၊ သူတို့ကပဲ ပစ္စည်းပို့ပေးမယ်။ ဒါပေမဲ့ အပေါ်ကဖော်ပြခဲ့တဲ့ တဆင့်ခံရောင်းချနည်းနဲ့မတူတာက အများနဲ့မတူတဲ့ အမှတ်တံဆိပ်ကို သင်ကိုယ်တိုင်ဖန်တီးပြီး သင်ကိုယ်တိုင် ဒီဇိုင်းတွေရွေးချယ် ရေးဆွဲရမှာပါ။
တီရှပ်၊ ဦးထုပ်၊ ဖုန်းကာဗာ၊ ခေါင်းစွပ်အနွေးထည်၊ စကပ်၊ လွယ်အိတ်အကြီးစားတွေ အစရှိသဖြင့် သင့်ဖန်တီးနိုင်စွမ်းပေါ်မူတည်ပြီး အများကြီးထုတ်လို့ရပါတယ်။
သင်ဟာ ဒီဇိုင်နာတစ်ယောက်မဟုတ်ဘူးဆိုရင်တောင် Fiverr, Upwork, Dribble, 99Designs အစရှိတဲ့ အလွတ်တန်းပညာရှင် Web Site တွေက ဒီဇိုင်နာတွေနဲ့ လက်တွဲအလုပ်လုပ်နိုင်ပါတယ်။
တခြားတီရှပ်ဆေးရိုက်တာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာလို့ရတဲ့နေရာတွေ အများကြီးရှိပါသေးတယ်။ သင့်တီရှပ်တွေကို ဆေးရိုက်ဖို့အပ်တဲ့အခါ ပစ္စည်းအရည်အသွေးကို စစ်ဆေးနိုင်အောင် နမူနာတစ်ထည်အရင်တောင်းကြည့်သင့်ပါတယ်။

READ
အသက်၂၀နဲ့၃၀ကြားထဲမှာ ချမ်းသာလာဖို့လျှို့ဝှက်ချက်(၇)ခု

(၃) ကိုယ်ပိုင်စာအုပ်ထုတ်ဝေမယ်

စာအုပ်ကလည်း ထည့်စဉ်းစားစရာကောင်းတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဘာလိုအပ်နေလဲဆိုတာကိုသိရင် သင့်အနေနဲ့ဖန်တီးထုတ်ဝေနိုင်ပါပြီ။
ချက်နည်းပြုတ်နည်းစာအုပ်၊ ရုပ်ပုံကားချပ်စာအုပ်၊ ကာတွန်းစာအုပ်၊ ဓာတ်ပုံစာအုပ်၊ ကော်ဖီသောက်ရင်းဖတ်ဖို့စာအုပ် နဲ့ ဝတ္ထုတွေ အစရှိသဖြင့် သင့်ရဲ့ဗဟုသုတနဲ့ ဖန်တီးနိုင်စွမ်းပေါ်မူတည်ပြီးတော့ အမျိုးအစားစုံတဲ့စာအုပ်တွေကို ဈေးကွက်ထဲယူလာနိုင်ပါတယ်။ သင့်စာအုပ်ကို ပုံနှိပ်တိုက်အပ်တဲ့အခါ တစ်အုပ်ချင်းစီမှာတာထက် တစ်ခါတည်းအများကြီးမှာတာက ကုန်ကျစရိတ်ပိုသက်သာပါတယ်။ သင့်စာအုပ်အကြောင်းကို Online မှာ အရင်ကြော်ငြာပြီး ကြိုတင်ရောင်းချကြခြင်းဖြင့် သင့်အားပေးဝယ်ယူသူအရေအတွက်ကိုကြည့်ပြီး ပုံနှိပ်တိုက်ကို အပ်တာဟာပိုအဆင်ပြေပါတယ်။
သင့်မှာ Blog တစ်ခုရှိပြီးသားဆိုရင် သို့မဟုတ် လုပ်ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ သင့်ကိုယ်ပိုင်စာအုပ်ထုတ်ဝေတာဟာ Blog ကနေ ငွေရှာဖို့အတွက် အဆင်ပြေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) Digital ထုတ်ကုန် သို့မဟုတ် သင်တန်း

Digitalထုတ်ကုန်တွေဖြစ်တဲ့ သီချင်းတွေ၊ သင်တန်းတွေနဲ့ template တွေဟာ တခြားနည်းလမ်းတွေနဲ့မတူဘဲ တမူထူးခြားပါတယ်။ တခြားပစ္စည်းတွေနဲ့မတူတာက သူတို့ဟာ အမြင်နဲ့ဆုံးဖြတ်ဝယ်ယူလို့မရတာပါ။
သူတို့ဟာ ထပ်ခါထပ်ခါထုတ်လုပ်ပြီး သယ်ယူပို့ဆောင်ရတဲ့ ပစ္စည်းတွေမဟုတ်တာကြောင့် ကုန်ကျစရိတ်လျော့ကျပြီး သင့်အတွက် အမြတ်များများကျန်နိုင်ပါတယ်။
သိရမှာက Digital ထုတ်ကုန်ကောင်းတစ်ခုဖြစ်ဖို့ ဘာလိုအပ်သလဲဆိုတာကိုပါ။ လူတွေက ဒီထုတ်ကုန်ကို ပိုက်ဆံပေးပြီး Download ဆွဲချင်ရအောင် ဒီအရာတွေက ဘယ်လာက်အထိအသုံးဝင်ပါသလဲ?
အဖြေကတော့ တီးဝိုင်းတွေနဲ့ တီးခတ်ထားတဲ့ မူရင်းတေးဂီတတွေကနေ တခြားဓာတ်ပုံဆရာတွေက ပြန်ရောင်းဖို့လိုင်စင်လုပ်ထားတဲ့ ပုံတွေ၊ သတင်းအချက်အလက်မျှဝေတဲ့ ပစ္စည်းတွေနဲ့ သီးခြားနယ်ပယ်တစ်ခုစီမှာ လူတွေရဲ့စွမ်းရည်တွေကို မြှင့်တင်တဲ့ templates တွေပဲဖြစ်ပါတယ်။
သင့်မှာပင်ကိုယ်ထူးခြားကျွမ်းကျင်တဲ့ အရည်အချင်းတစ်ခုခုရှိရင် အဲဒီ့အရာကို Digital ထုတ်ကုန်အဖြစ်ပြောင်းနိုင်ပြီး သင့်ရဲ့ဝင်ငွေလမ်းကြောင်းတိုးလာဖို့ ဘယ်လိုပြန်လည်ထုတ်ပိုးရောင်းချရမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။

READ
သင့်လုပ်ငန်းခွင်က ရန်သူမိတ်ဆွေတော်ကို တည်ငြိမ်စွာ ကိုင်တွယ်နည်း

(၅) ပရင့်ထုတ်ထားတဲ့ ပိုစတာတွေ၊ နှုတ်ခွန်းဆက်ကတ်ပြားတွေနဲ့ ပရင့်ထုတ်ထားသော ပစ္စည်းအမျိုးမျိုး

သင်ဟာ အနုပညာဘက်ကို စိတ်အားထက်သန်မှုရှိရင်၊ ကင်မရာကို ဘယ်လိုအသုံးချရမလဲဆိုတာသိရင် စီးပွားရေးလုပ်ငန်းသုံးပစ္စည်းတွေကို ပရင့်ထုတ်ရောင်းချပြီးတော့ သင့်ရဲ့အနုပညာကိုတခြားသူတွေကို ပိုင်ဆိုင်ခွင့်ပြုလိုက်ပါ။ သင်ပရင့်ထုတ်မယ့် အကြောင်းအရာတွေ၊ ပုံတွေ၊ စာသားတွေကိုတော့ သင့်မှာမူပိုင်ခွင့်ရှိအောင်လုပ်ထားဖို့လိုပါတယ်။ သင်ဟာ Online မှာ အဆက်အသွယ်တွေရှိပြီး လူသိများတဲ့ ကာတွန်းဆရာ သို့မဟုတ် ခေတ်ပေါ်ဓာတ်ပုံဆရာဆိုရင်တော့ ဒီအိုင်ဒီယာကိုစမ်းကြည့်ဖို့အတွက် အလားအလာကောင်းတွေရှိနေပါတယ်။
သင်အသုံးပြုတဲ့ ပရင်တာပေါ်မူတည်ပြီး သင့်ရဲ့လက်ရာတွေကို ပိုစတာ၊ နံရံကပ်ပန်းချီ၊ နှုတ်ခွန်းဆက်ကတ်ပြား အစရှိသည့် ထုတ်ကုန်ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။

(၆) ကုသိုလ်ဖြစ်စီးပွားရေးလုပ်ငန်း

ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကိုကူညီဖော်ဆောင်ရာမှာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကိုထူထောင်ခြင်းတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။
စစ်တမ်းတွေအရ ၈၉ရာခိုင်နှုန်းသောစားသုံးသူတွေဟာ ဈေးနှုန်းတူ၊ အမျိုးစားတူ ကုန်ပစ္စည်းတစ်မျိုးကိုပဲ တခြားတံဆိပ်အသစ်ကို စမ်းသုံးချင်ကြပါတယ်တဲ့။ အဲ့တံဆိပ်အသစ်ဟာ အကျိုးအမြတ်တချို့ကို ပြန်လည်လှူဒါန်းခြင်းကဲ့သို့သော ကောင်းမှုတွေမှာသုံးတဲ့အခါမှာပါတဲ့။
မြောက်များစွာသော လူမှုစီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ထုတ်ကုန်တွေကို ကမ်းလှမ်းလာကြချိန်မှာ သင်ဟာလည်း အထက်ကဖော်ပြခဲ့တဲ့ စီးပွားရေးလုပ်ငန်းပုံစံတစ်ခုခုကို အသုံးချပြီး အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းပြီးပဲဖြစ်စေ၊ သင်ကိုယ်တိုင် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ပြီးပဲဖြစ်စေ ဒီလုပ်ငန်းကိုလုပ်ကိုင်နိုင်ပါတယ်။
ဈေးကွက်မြှင့်တင်တဲ့အနေနဲ့ သင့်ရဲ့လုပ်ငန်းကိုအားပေးခြင်းဖြင့် သင့်ရဲ့ဝယ်သူတွေဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရရှိကြလဲဆိုတာ မျှဝေသင့်ပါတယ်။ ဥပမာအားဖြင့် လူမှုဝန်းကျင်ထဲမှာ သင့်လုပ်ငန်းက ဘယ်လိုအကျိုးပြုလဲဆိုတာမျိုး၊ သင့် Website မှာ ဝယ်သူတစ်ဦးဟာ သင့်ပစ္စည်းကို အားပေးခြင်းဖြင့် ဘယ်လောက်အထိလှူထားလဲဆိုတာကို တွက်ချက်နိုင်တဲ့ Calculator ကို ထားပေးတာမျိုးကို ဆိုလိုပါတယ်။

(၇) ဝန်ဆောင်မှုကိုရောင်းခြင်း

ဝန်ဆောင်မှုကို အခြေခံတဲ့လုပ်ငန်းတွေမှာ အချိန်ဟာသင့်ရဲ့ကုန်စည်ဖြစ်ပြီး အကြီးဆုံးအရင်းအနှီးလည်းဖြစ်ပါတယ်။ တစ်နေ့မှာ သင့်ကိုယ်ပိုင်အချိန်ဟာ နာရီအနည်းငယ်သာရရှိမှာပါ။ လူတွေမှာလိုအပ်နေတဲ့အရာတွေနဲ့ သင့်ရဲ့ကျွမ်းကျင်မှုတွေဟာ ကိုက်ညီမှုရှိရင်တော့ ဒီလုပ်ငန်းကိုအလွယ်တကူ စလည်ပတ်လို့ရပါပြီ။
စာရေးဆရာ၊ ဒီဇိုင်နာ၊ ဒီပလိုပါ၊ ဓာတ်ပုံဆရာ၊ အိမ်သန့်ရှင်းရေးသမား၊ ကိုယ်ကာယလေ့ကျင့်ရေးဆရာတို့ဟာ သူတို့ရဲ့ကျွမ်းကျင်မှုအပေါ်မှာမူတည်ပြီး ဒီလုပ်ငန်းကိုစတင်လို့ရပါတယ်။
သူတို့ဟာ သူတို့ရဲ့စီးပွားရေးကို အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေထဲက တစ်ခုခုနဲ့တွဲပြီးလည်း ဝင်ငွေတိုးအောင် လုပ်ငန်းချဲ့ထွင်လို့ရပါသေးတယ်။ ဥပမာ ၊ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ Instagram ကနေ တဆင့် သူ့ရဲ့ဓာတ်ပုံတွေကိုရောင်းချခြင်းလုပ်နိုင်သလို ပွဲတွေမှာဝန်ဆောင်မှုပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

Sam
Source : shopify

SHARE