ကျောပေးထားတဲ့ ကလေးငယ်ကို အပီအပြင် အလစ်ချောင်းပြီး ခုန်အုပ်ခဲ့တဲ့ ခြင်္သေ့မကြီး

Youtube/ABC News

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လိန်းစ်မြို့က အော်ဒူဘွန်းတိရစ္ဆာန်ရုံမှာ ကလေးတွေကို ခုန်အုပ်ဖို့ ကြိုးစားခဲ့တဲ့ ခြင်္သေ့မတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပြန့်နှံ့နေပါတယ်။ Insider သတင်းအရ ၄င်းခြင်္သေ့မဟာ အသက် (၃) နှစ်အရွယ်ရှိ ဇူရီလို့သိရပါတယ်။ ဇူရီဟာ လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်ကို ချုံကွယ်ကနေ သေချာချောင်းမြောင်းနေခဲ့တာပါ။ ကလေးက သတိပြုမိပြီး တစ်ဖက်လှည့်လိုက်တဲ့အချိန်မှာပဲ ဇူရီဟာ ခုန်အုပ်ခဲ့တာ ဖြစ်ပါတယ်။

Youtube/ABC News

ဒီလောက် သေချာချိန်ပြီး ခုန်အုပ်ခဲ့ပေမယ့် ဇူရီဟာ ကလေးကို မဖမ်းမိနိုင်ခဲ့ပါဘူး။ သူနဲ့ ကလေးငယ်ကြားမှာ မှန်နံရံကြီးက ကာဆီးနေတာကြောင့် ဇူရီဟာ ဒွိဟဖြစ်သွားပုံရပါတယ်။ သူ့ရှေ့မှာ ကာဆီးထားတဲ့အရာဟာ ဘာများဖြစ်လိမ့်မလဲဆိုပြီး သူမဟာ တွေးကောင်းတွေးနိုင်ပါတယ်။

တိရစ္ဆာန်ရုံရဲ့ ပြောပုံအရတော့ ဇူရီဟာ လူတွေကို စောင့်ကြည့်ရတာနဲ့ လိပ်ပြာတွေလိုက်ဖမ်းရတာကို ၀ါသနာပါကြောင်း သိရပါတယ်။ ကလေးရဲ့ ခြင်္သေ့ရုံထဲက မှန်ကို ကျောပေးထားတာနဲ့ ပတ်သက်လို့တော့ ရုံပိုင်တွေဟာ ဧည့်သည်တွေကို တစ်စုံတစ်ရာ အပြစ်မဆိုခဲ့ပါဘူး။

READ
အမျိုးသားတစ်ဦးကို ချစ်သူအဖြစ် အတူလက်တွဲနေတဲ့ အမြွှာညီအစ်မ

ဒါပေမယ့်လည်း ဧည့်သည်တွေအနေနဲ့ တိရစ္ဆာန်တွေ ထိခိုက်စေမယ့် အရာမျိုးကို ရည်ရွယ်ပြုလုပ်တာမျိုးတော့ ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။ ဥပမာအားဖြင့် ဗီဒီယိုအတိုင်းဆိုရင် တကယ်လို့ ဇူရီသာ မှန်ရှေ့ရောက်တဲ့အချိန်မှာ အရှိန်မလျှော့မိခဲ့ရင် မှန်ကို အရှိန်နဲ့ ၀င်ဆောင့်နိုင်ပြီး သွားတွေ ကျိုးကုန်နိုင်ပါတယ်။ ဒါကြောင့် ဧည့်သည်တွေအနေနဲ့ မှန်ကို ခေါက်တာ၊ အစာနဲ့ အခြားပစ္စည်းတွေ ပစ်သွင်းတာ၊ မခံချင်အောင် စနောက်တာမျိုးတွေ မလုပ်ကြဖို့လည်း တိရစ္ဆာန်ရုံက သတိပေးထားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE