ဇနီးဟောင်းရဲ့ခြံထဲမှာ မြက်ရိတ်ပေးနေတဲ့ အမျိုးသားရဲ့ဓာတ်ပုံ နောက်ကွယ်ကအကြောင်း

ကွာရှင်းပြတ်စဲတယ်ဆိုတဲ့ စကားလုံးက နာကျင်ဖွယ်ကောင်းတယ်လို့ သတ်မှတ်ထားကြပါတယ်။ ကွာရှင်းမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း ဆိုးရွားတဲ့ကိစ္စတွေ များပါတယ်။ ဇနီးခင်ပွန်းကြား အဆုံးစွန် သည်းမခံနိုင်တော့တဲ့အထိ ရန်ငြိုးတွေ၊ အာဃာတတွေ တစ်ပုံတစ်ပင်နဲ့ တရားရုံးမှာ အော်ဟစ်ပွဲကြမ်းပြီး အဆုံးသတ်သွားတဲ့ ကွာရှင်းမှုတွေလည်း အများကြီးပါ။

ဒီလိုအဖြစ်တွေနဲ့ ဆန့်ကျင်ဘက် တစ်ခြမ်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြား လုံးဝကို အမုန်းတရားမရှိဘဲ ကွာရှင်းပြတ်စဲသွားကြတဲ့ စုံတွဲတွေလည်း ရှိနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေနိုင်တော့ဘူးဆိုတာကို အေးချမ်းစွာ လက်ခံလိုက်ကြပြီး အခင်အမင်မပျက် ဆက်ရှိနေကြတဲ့ ကွာရှင်းထားတဲ့ စုံတွဲဟောင်းတွေဖြစ်ပါတယ်။ သူတို့က တစ်ပတ်တစ်ခါ တွေ့မယ်၊ တစ်ယောက်လိုအပ်တဲ့အခါ တစ်ယောက်က ကူညီမယ်ဆိုတဲ့ သူတွေပါ။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က အမျိုးသားကြီးတစ်ဦးကတော့ ဒုတိယအမျိုးအစားထဲမှာ ပါပါတယ်။ သူဟာ ဇနီးဟောင်းနဲ့ ကွာရှင်းပြီးတာ (၂၈) နှစ်တောင် ရှိပြီဖြစ်ပေမယ့် ယခုထက်ထိ ဇနီးဟောင်းနေထိုင်ရာ ခြံထဲမှာ မြက်ရိတ်ခြံရှင်းပေးကာ ကူညီပေးနေတုန်းပါပဲ။ ရှားရှားပါးပါး ခင်ပွန်းဟောင်းပါ။ ဇနီးဟောင်းရဲ့ ခြံထဲမှာ အလုပ်ကူပေးနေတဲ့ အမျိုးသားကြီးရဲ့ ဓာတ်ပုံကိုတော့ သူတို့သမီးဖြစ်သူ Codie McPhate က ရိုက်ကူးကာ Facebook ပေါ် တင်ခဲ့ရာမှ အွန်လိုင်းမှာ ပျံ့သွားခဲ့တာဖြစ်ပါတယ်။

READ
အိမ်ခြေမဲ့အမျိုးသားကို ဖမ်းရမယ့်အစား အံ့သြဖွယ် တုံ့ပြန်ခဲ့တဲ့ ရဲသားတစ်ဦး
Codie McPhate / Facebook

“အမေကလည်း ဒူးမကောင်းဘူး။ ပထွေးကလည်း အလုပ်ထွက်လုပ်နေတာ။ အငယ်လေးတွေကလည်း မေးပါတယ်။ အစ်မရဲ့ အဖေက ဘာလို့ အမေ့ခြံထဲမှာ လာရှင်းပေးနေတာလဲပေါ့။ အမေ မလုပ်နိုင်လို့ သူက လာကူညီပေးနေတာလို့ ကျွန်မ ပြန်ဖြေခဲ့တယ်” လို့ Codie က သူမ တင်တဲ့ ပို့စ်မှာ ရေးသားထားခဲ့ပါတယ်။ Codie ရဲ့ ဖခင်က သူမတို့နဲ့ အတူမနေတော့ပါဘူး။ ဒီလို လာကူပေးနေတာကလည်း သူ့ရဲ့ အားလပ်ရက်မှာတောင် မနားဘဲ လာကူနေပေးတာပါတဲ့။ Codie က သူမရဲ့ မိဘတွေဟာ ကွာရှင်းထားတာ ဆယ်စုနှစ် (၃)စုနီးပါး ကြာနေပြီဖြစ်ပေမယ့် လူကြီးဆန် သဘောထားကြီးကြပြီး အပြန်အလှန် လေးစားစွာ ဆက်ဆံတတ်ကြတယ်လို့ ဆိုပါတယ်။

ကွာရှင်းတယ်ဆိုတာ ဆိုးရွားတဲ့အရာတစ်ခုလို တရားသေကြီး မှတ်ယူထားတတ်ကြပေမယ့် တချို့တွေအတွက်တော့ အရင်တုန်းကလို မချစ်တော့ရင်တောင် တစ်ဦးနဲ့တစ်ဦးကြား မေတ္တာတော့ ရှိကြပါသေးတယ်။ တခါတရံမှာလည်း မိဘတွေ ကွာရှင်းလို့ သားသမီးတွေ ထိခိုက်သွားမလားဆိုတဲ့ အယူအဆတွေလည်း ရှိရာ Codie အတွက်တော့ သဘောထားကြီး စိတ်ထားကောင်းတဲ့ မိဘတွေကြောင့် သူမလည်း ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပါတယ်။ Codie က သူမရဲ့ ဖခင် သူအွန်လိုင်းမှာ နာမည်ကြီးနေတာနဲ့ ပတ်သက်လို့ ပြန်ပြောထားပုံကိုလည်း အခုလို တင်ခဲ့ပါသေးတယ်။

READ
ရည်းစားရဲ့ အနှိပ်စက်ခံဘ၀က လွတ်မြောက်ဖို့ အလိမ္မာနည်းသုံးပြီး ဖြေရှင်းခဲ့တဲ့ အမျိုးသမီး
Codie McPhate / Facebook

“အဖေက ပြောတယ်၊ သူက လူတွေရှေ့မှာ သူတော်ကောင်းလို လုပ်ပြချင်တာလည်း မဟုတ်ဘူးတဲ့။ တတ်နိုင်သလောက် အကြင်နာတရားနဲ့ ကူညီလိုစိတ်ကို အမြဲရွေးချယ်သင့်တယ်လို့ပဲ အဖေက ပြောခဲ့ပါတယ်” – Codie ရဲ့ ပို့စ်မှာ တင်ထားတာလေးပါ။ ကြည်နူးဖွယ်ရာ ဆက်ဆံရေးတစ်ခုအကြောင်းပါပဲ။ လောကကြီးမှာ အခုလိုမေတ္တာတရားတွေ လိုအပ်နေပါတယ်..။

Ref: Tip Hero

SHARE