စမတ်ဖုန်းတွေ၊ စမတ်သော့တွေ၊ စမတ်နာရီတွေဆိုတာ အရင်နှစ်တွေက ကျန်ခဲ့ပြီဖြစ်တဲ့ ထုတ်ကုန်တွေ ဖြစ်သွားပါပြီ။ အခုဆိုရင် စမတ် toilet အလှည့်ရောက်လာပြီလို့ ပြောလို့ရပါတယ်။ သင့်ရဲ့ အနားမှာ ဆရာဝန်တစ်ယောက်လို နေ့စဉ် ကျန်းမာရေး စစ်ဆေးပေးနေမယ့် ဗိုလ်ထိုင်အိမ်သာခွက်ကို တွေ့ရတော့မှာပါ။
ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ Techonomy 2018 နည်းပညာ ဆွေးနွေးပွဲ ညီလာခံမှာ Micron Technology ကုမ္ပဏီရဲ့ စီအီးအို Sanjay Mehrotra က တင်ပြဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်။ Mehrotra က အသိဉာဏ်တုလို့ ခေါ်တဲ့ artificial intelligence (AI) စနစ်ကို အသုံးပြုပြီး ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္စည်းသစ်ကို ဖန်တီးလိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြသွားခဲ့တာပါ။

“ဆေးပညာမှာ ကျန်းမာရေးပြဿနာတွေကို တိကျစွာ အဖြေရှာနိုင်မှုက ပိုပြီး အရေးပါလာပြီ။ ဒါကြောင့် အနာဂတ်မှာ လူတွေရဲ့ အညစ်အကြေးတွေကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို နေ့စဉ် စစ်ဆေးပေးမယ့် စမတ် toilet တွေကို စဉ်းစားကြည့်ပါ။ ၆ လ ၁ ခါ ဆေးသွားစစ်နေစရာလည်း မလိုတော့ပါဘူး။ ရောဂါတစ်စုံတစ်ရာရှိလာခဲ့ရင်လည်း ဆီးတွေဘာတွေ သွားစစ်တာထက် ပိုပြီး မြန်မြန်သိနိုင်မှာပါ” လို့ Mehrotra က ပြောသွားခဲ့ပါတယ်။

ဆေးပညာမှာ AI စနစ်ကို အသုံးချတာဟာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ဥရောပနိုင်ငံတွေမှာဆိုရင် ဖုန်းခေါ်ဆိုမှုကတစ်ဆင့် နှလုံးရောဂါ စမ်းသပ်မှုကို ပြုလုပ်နေကြပြီး လူရဲ့ စိတ်ဖိစီးမှုကို တိုင်းတာနိုင်တဲ့ မိုဘိုင်း app တွေကိုလည်း တီထွင်ပြီး ဖြစ်ပါတယ်။ မကြာမီ အနာဂတ်မှာဆိုရင်တော့ အိမ်သာတက်ရင်းပါ ဆေးစစ်နိုင်တော့မှာဖြစ်ပါတယ်။
Ref: Innovation Interprise, Cnet