ဆိုရှယ်မီဒီယာပေါ် ဂယက်ထနေတဲ့ Amber Heard နဲ့ Johnny Depp တို့ရဲ့ အသံဖိုင်အသစ်

Imdb_TheCrimeOfGrindelweld_Imdb_Aquaman

အနုပညာလောကမှာ အကွဲကွဲအပြဲပြဲနဲ့ အမုန်းနဲ့ နှုတ်ဆက်လမ်းခွဲခဲ့တဲ့ စုံတွဲတွေထဲမှာ Amber Heard နဲ့ Johnny Depp တို့လည်း အပါအ၀င်ပါ။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက်ဟာ (၁၈) လပဲ အချိန်ကြာမြင့်ခဲ့ပါတယ်။ The Rum Diary ဇာတ်ကားရိုက်ကူးရင်း စတင်တွေ့ဆုံခဲ့ကြပြီး (၂၀၁၂) ခုနှစ်မှာ တွဲခဲ့ကြပါတယ်။ (၂၀၁၃) ခုနှစ် ခရစ္စမတ်မှာတော့ စေ့စပ်ခဲ့ပါတယ်။ (၂၀၁၅) ဖေဖော်ဝါရီမှာတော့ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စုံမက်ပြီး လက်ထပ်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းကတော့ Johnny က “သူမက ကျွန်တော့်ခေါင်းထဲမှာ အမြဲရှီနေခဲ့တယ်။ အဲ့ဒါကြောင့်သူ့ကိုရဖို့ကျွန်တော်ကြိုးစားခဲ့တာပါ။” ဆိုပြီး ပြောဖူးပါတယ်။

(၂၀၁၆) မေလမှာတော့ Amber က Johnny ဟာ သူမအပေါ် အိမ်တွင်းရေး အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စတင် စွပ်စွဲခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ တရားရုံးက Johnny ကို Amber နဲ့ ဝေးဝေးမှာ နေဖို့ အမိန့်ထုတ်ခဲ့ပြီး နှစ်ဦးသား ကွာရှင်းခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးကတော့ ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ပါ။ Johnny ဟာ Amber ကို သူ့အိပ်ရာပေါ် မစင်ပါထားတယ်လို့ စွပ်စွဲခဲ့သလို Amber ကလည်း Johnny ဟာ သူမရဲ့ မျက်နှာကို ဖုန်းနဲ့ ပစ်ပေါက်ခဲ့လို့ ဒဏ်ရာရသွားခဲ့တဲ့အကြောင်း ပြန်လည်စွပ်စွဲခဲ့ပါသေးတယ်။

Amber နဲ့ Johnny တို့ရဲ့ အမှုဟာ အိမ်တွင်းရေး အကြမ်းဖက်မှုဖြစ်တဲ့အတွက် သူတို့ရဲ့အတွင်းရေးကို မျက်မြင်ကိုယ်တွေ့သိနိုင်သူ ရှာရတာ ခပ်ရှားရှားပါ။ Amber က သူမဟာ Johnny ရဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာကို ခံခဲ့ရကြောင်း၊ နှစ်ဦးသား စိတ်သဘောထားချင်း ဘယ်လိုမှ မတိုက်ဆိုင်တဲ့အကြောင်းတွေ ပြောပြပြီး ကွာရှင်းခွင့်တောင်းခဲ့တာပါ။ တရားရုံးမှာ Amber က Johnny ဟာ သူမအပေါ် အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ကြောင်း အကြိမ်ကြိမ် စွပ်စွဲပြောဆိုခဲ့ပေမယ့် Johnny ကတော့ စွပ်စွဲမှုတွေအပေါ် ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

View this post on Instagram

This pirate looks familiar…

A post shared by Johnny Depp (@johnnydeppofficial) on

အခုလည်း Amber နဲ့ Johnny တို့ရဲ့အရှုပ်တော်ပုံဟာ လူတွေထင်ထားသလို ဖြစ်မနေတဲ့အကြောင်း အွန်လိုင်းပေါ်တက်လာတဲ့ အသံဖိုင်တစ်ခုအရ သံသယဖြစ်ဖွယ် ရှိနေပါတယ်။ globalnews မှာ တွေ့ရတဲ့သတင်းအရ ဒီအသံဖိုင်ကို လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်တုန်းက အသံသွင်းခဲ့တယ်လို့ သိရပါတယ်။

အသံဖိုင်ထဲမှာတော့ Amber ဟာ Johnny ကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ စတင်ပြုလုပ်ခဲ့ကြောင်း ၀န်ခံခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Johnny ရဲ့ မျက်နှာကိုလည်း ထိုးခဲ့ပြီး Johnny က နင်ငါ့ကို ထိုးခဲ့တာ ၀န်မခံဘူးနော်လို့ ပြန်ပြောတဲ့အခါမှာတော့ ဒါထိုးတာမဟုတ်ဘူး၊ ငါနင့်ကို မထိုးဘူး။ ရိုက်တာဆိုပြီး Amber က ခံငြင်းခဲ့တာကိုလည်း ကြားရမှာပါ။

အသံဖိုင်ထဲအရတော့ Johnny ဟာ Amber ကို ထိခိုက်အောင် တစ်ခုမှ လုပ်ခဲ့ပုံမရပါဘူး။ ရန်ပွဲအခြေအနေက ပြင်းထန်နေလို့ Johnny က တိုက်မန်နေဂျာကို ခေါ်မယ်လုပ်တော့လည်း Amber ဟာ ခနဲ့တဲ့တဲ့နဲ့ ပြောဆိုရန်တွေ့ခဲ့ပါသေးတယ်။ Johnny ဟာ Amber ကို အတော်ချစ်ပုံလည်း ရပါတယ်။ သူမကို မကွာရှင်းချင်တဲ့အကြောင်း၊ ဇနီးမောင်နှံအဖြစ် ချစ်ချစ်ခင်ခင် နေသွားလိုသေးကြောင်း ပြောခဲ့တာတွေလည်း အသံဖိုင်ထဲမှာ ပါနေပါတယ်။ ဒီအသံဖိုင်ဟာ လတ်တလောမှ အွန်လိုင်းမှာပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ Johnny ရဲ့ ပရိသတ်တွေကတော့ Amber ကို မကျေမနပ်ဖြစ်နေကြပြီး #JusticeForJohnnyDepp နဲ့ Johnny အတွက် အမှန်တရားအတိုင်း ဖြစ်စေဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE