ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးမိဘတော်တော်များများကတော့ လက်ရှိအချိန်မှာ သူတို့ရဲ့ သားသမီးတွေကို ကျောင်းတွေကို မလွှတ်တော့တာတွေရှိသလို အများစုသောကျောင်းတွေကတော့ တရားဝင်ကို ပိတ်ထားနေပါပြီ။
ကလေးတွေလည်း အိမ်တွင်းအောင်းနေရတယ်ဆိုတော့ တော်တော်ပျင်းနေလောက်ပြီထင်ပါရဲ့။ တစ်နေ့တစ်နေ့ ဂိမ်းဆော့လိုက်၊ တီဗီကြည့်လိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေတော့မှာပဲ။ ဒါကို သိလို့ထင်ပါရဲ့ Mo Willems လို့အမည်ရတဲ့ စာရေးဆရာတစ်ယောက်ကတော့ နေ့တိုင်း Youtube ကနေ ပုံဆွဲနည်းအကြောင်းအရာတွေကို အိမ်မှာနေတဲ့ ကလေးတွေအတွက် အခမဲ့ပို့ချသင်ကြားပေးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


Mo Willems ဆိုတာကတော့ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ Mo ဟာ စာရေးဆရာတစ်ယောက်ဖြစ်ရုံသာမက Animation ရေးဆွဲသူ၊ အသံသရုပ်ဆောင်၊ ကလေးဖတ်တဲ့ ကာတွန်းတွေကို ရေးဆွဲသူတစ်ယောက်အဖြစ်လဲ နာမည်ကြီးပါတယ်။
Animation ရေးဆွဲသူပီပီ Mo ဟာ အခုလို Youtube ကနေ ပုံဆွဲနည်း သင်တန်းပို့ချတဲ့ အဓိက အကြောင်းအရင်းကတော့ ကလေးတွေ ကျောင်းမသွားပဲ အိမ်မှာနေရင်း အပျင်းလည်းပြေရင်း ပညာတစ်ခုခုလည်း တတ်မြောက်သွားစေချင်လို့ပါတဲ့။

“ အခုအခြေအနေက ဘယ်သူမှ အပြင်ထွက်တာ မကောင်းဘူး။ စာသင်ကျောင်းတွေကလည်း တော်တော်များများပိတ်လိုက်ပြီလေ။ ကလေးတွေအတွက်ကတော့ နေ့ရက်တိုင်းလိုလိုက တော်တော်ပျင်းစရာကောင်းသွားမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေရဲ့ အပျော်ဆုံးအချိန်က ကျောင်းတက်တဲ့အချိန်ပဲလေ။ ဒါ့ကြောင့် ကလေးတွေ အိမ်မှာပဲနေရင်း ပျင်းနေမှာစိုးလို့ အခုလို YouTube ကနေ ပုံဆွဲနည်းသတင်တန်းကို ပို့ချဖြစ်ခဲ့တာပါ” လို့ Mo Willems က ပြောကြားခဲ့ပါတယ်။

Mo ရဲ့ ပုံဆွဲနည်းသင်တန်းကတော်တော်အောင်မြင်တယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမိဘတော်တော်များများကလည်း Mo ရဲ့ အစီအစဉ်ကြောင့် သူတို့သားသမီးတွေ အိမ်မှာနေရတာ ပျော်နေကြောင်း၊ ဒီအတွက် Mo ကိုလည်း ကျေးဇူးတင်ကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကတစ်ဆင့် ပို့စ်တင်ခဲ့ကြပါတယ်။


ဒါကတော့ Mo ရဲ့ YouTube ပန်းချီဆွဲနည်းသင်တန်း link ဖြစ်ပါတယ်။ သားသားမီးမီးလေးတွေကိုလည်း အိမ်မှာ ငြိမ်နေစေချင်တယ်ဆိုရင် ဒီလိုဗီဒီယိုလေးကို စာရွက်နဲ့ရောင်စုံခဲတံလေးတွေပေးပြီး လွှတ်ထားပေးလို့ရတယ်နော်။
Pyi Hein Kyaw