ဂျိမ်းစ်ထရီဗီနိုဆိုသူ အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ စာအုပ်ချစ်သူတစ်ဦးပါ။ ဂျိမ်းစ်ဟာ သူချစ်တဲ့စာအုပ်တွေကို စီစဉ်စုစည်းပြီး စာကြည့်တိုက် အနုပညာတစ်ရပ်အဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ သူ့ကိုယ်သူ bookstagrammer လို့အမည်ခံထားတဲ့ ဂျိမ်းစ်က သူဖန်တီးထားတဲ့ အနုပညာနဲ့ အင်စတာဂရမ်မှာရှိတဲ့ လူပေါင်း(၁)သိန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဂျိမ်းစ်က စာအုပ်တွေကို အခုလိုပုံဖော်တဲ့ အိုင်ဒီယာဟာ သူ့ကိုယ်ပိုင်အိုင်ဒီယာဖြစ်ကြောင်းဆိုပါတယ်။ ဂျိမ်းစ်ဟာ အစတုန်းကတော့ လတ်တလော ဖတ်ဖြစ်နေတဲ့ စာအုပ်ဓာတ်ပုံတွေကိုပဲ အွန်လိုင်းပေါ်တင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စာအုပ်တွေသုံးပြီး ဒီဇိုင်းလုပ်ဖို့ စိတ်ကူးရခဲ့ကာ အချိန်ကြာလာတာအမျှ ပိုပြီးရှုပ်ထွေးတဲ့ ဒီဇိုင်းအပြင်အဆင်တွေကိုပါ လုပ်တတ်လာခဲ့တယ်လို့ ဂျိမ်းစ်ကဆိုပါတယ်။

ဂျိမ်းစ်ဟာ ပုံတွေမှာတွေ့ရတဲ့အတိုင်း စာအုပ်တွေကို အစီအစဉ်တကျပြုလုပ်နိုင်ဖို့ သူငယ်ချင်းဖြစ်သူ အဲလစ်ဇဘက်နဲ့ အတူတူစဉ်းစားရပါတယ်။ စိတ်ကူးရတာနဲ့ တစ်ပြိုင်နက် စိတ်ကူးထဲကအတိုင်း အနီးစပ်ဆုံးပုံပေါ်လာအောင် ကြိုးစားအားထုတ်ပါတယ်။ တကယ်လို့ ရတဲ့အကြံဥာဏ်က အရမ်းကြီးနေတဲ့အခါမျိုးမှာ ဓာတ်ပုံတွေကို နှစ်ပုံသုံးပုံခွဲထုတ်ပြီး စီစဉ်ကြရပါတယ်။

အခုဆိုရင် ဂျိမ်းစ်ဟာ စာအုပ်ပေါင်း (၁,၁၀၀) နီးပါးကို စုဆောင်းခဲ့ပြီးဖြစ်ပြီး ဆက်လက်စုဆောင်းဦးမယ်လို့ သိရပါတယ်။ ဂျိမ်းစ်က စာဖတ်ဝါသနာပါတဲ့အပြင် စာအုပ်စုဆောင်းရတာကိုလည်း နှစ်သက်တာကြောင့် စာအုပ်တွေနဲ့ အနုပညာတွေကို ဆက်လက်ဖန်တီးမယ်လို့ဆိုပါတယ်။ အောက်မှာတော့ ဂျိမ်းစ်ဖန်တီးထားတဲ့ ထူးခြားတဲ့ စာအုပ်အနုပညာလက်ရာတွေကို ထပ်မံတွေ့ရမှာဖြစ်ပါတယ်။









လင်းလင်း (ShweMom)
Ref: Boredpanda