တရုတ်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးမြို့နေရာမှာ အဆင့်(၈) ရှိတဲ့ မြို့ဟာ ဟာဘင်မြို့ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြို့တော်ဟာဘင်မှာ ရေခဲပွဲတော်ကြီးကို ကျင်းပလေ့ရှိပါတယ်။ ဟာဘင်ဟာ တရုတ်နိုင်ငံထဲက ရာသီဥတုအေးခဲလေ့ရှိတဲ့ အဓိက မြို့တော်ကြီးတွေထဲမှာ တစ်မြို့အပါအ၀င်ဖြစ်ပြီး ရေခဲမြို့တော်ကြီးလို့လည်း သမုတ်ကြပါတယ်။

ဟာဘင်ရဲ့ ရေခဲပွဲတော်ကြီးမှာ ရေခဲတွေနဲ့ အမျိုးမျိုးသော ရုပ်ထုတွေ၊ အဆောက်အဦးတွေကို လက်ရာမြောက်စွာ ပုံဖော်ကြသလို ကမ္ဘာမှာ အကြီးဆုံး ရေခဲဆီးနှင်းပွဲတော်ကြီးအဖြစ် သိကြပါတယ်။ ပွဲတော်ကြီးကို (၁၉၆၃) ခုနှစ်ကစပြီး နှစ်စဉ် ဒီဇင်ဘာကနေ ဖေဖော်ဝါရီလကုန်အထိ ကျင်းပပါတယ်။ ပွဲတော်ကြီးထဲမှာ theme park အမျိုးအစားအလိုက် (၄) မျိုး ခွဲထားပြီး ဥယျာဉ်အသီးသီးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအရာတွေနဲ့ ပြည့်နှက်နေပါတယ်။

Sun Island Park မှာတော့ International Snow Sculpture Art Expo ကို တွေ့ရမှာပါ။ အဲဒီမှာတော့ ကမ္ဘာ့အကြီးဆုံး ရေခဲဆီးနှင်း ဖျော်ဖြေမှုကြီးကို တွေ့မြင်ရမှာပါ။ ကျွန်းကြီးတစ်ကျွန်းလုံးကို ပုံစံအမျိုးမျိုးရှိတဲ့ ရေခဲရုပ်ထုတွေနဲ့ အလှဆင်ထားပါတယ်။ အဆောက်အဦးကြီးတွေဆိုရင် တကယ့်နန်းတော်ကြီးတွေလို အရွယ်အစားနဲ့ ထူးခြားခန့်ညားလွန်းလှပါတယ်။

Harbin Ice and Snow Amusement World ထဲမှာဆိုရင်လည်း အဆောက်အဦးတွေကို ရေခဲတွေနဲ့ချည်း ပြုလုပ်ထားတာပါ။ ဒီထဲမှာတော့ အပိုင်းသုံးပိုင်း ထပ်ခွဲထားပါသေးတယ်။ East Scenic Area ထဲမှာဆိုရင် ကလေးတွေအတွက် ရေခဲနဲ့ပတ်သက်တဲ့ ကစားနည်းအမျိုးမျိုးကို ကစားလို့ ရနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Central Scenic Area ထဲမှာတော့ ရေခဲတောင်တန်းတွေ ၊ ရေပန်းတွေ ရှိပါတယ်။ အဲဒီမှာတော့ စွတ်ဖားလှည်းစီးတာတွေနဲ့ စကိတ်စီးတာတွေကို ပြုလုပ်နိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ West Scenic Area ဖြစ်ပါတယ်။ အဲဒီမှာတော့ ရေခဲဥယျာဉ်တွေရှိပြီး ဒေသရိုးရာအစားအသောက်တွေကို ရရှိနိုင်ပါတယ်။

စကိတ်စီးမလား၊ ရေခဲရွက်လွှင့်မလား၊ အေးခဲနေတဲ့ Songhua မြစ်ထဲမှာ မြင်းတပ်စွတ်ဖားလှည်း စီးမလား၊ အကုန်လုပ်လို့ ရပါတယ်။ တကယ်လို့ သတ္တိကောင်းတယ်ဆိုရင် ရေခဲထဲမှာ ရေကူးလို့တောင် ရနိုင်ပါတယ်။ Zhaolin Park ကတော့ theme park တွေထဲမှာ နောက်ဆုံးတစ်ခုဖြစ်ပါတယ်။ အဲဒီမှာတော့ ညဘက်ရောက်တဲ့အခါ ဥယျာဉ်ထဲက ရေခဲမီးအိမ်တွေက မီးအလင်းအမှောင်၊ အသံတွေကို ကာရန်လိုက်ပြီး ဖျော်ပြေတဲ့ စိတ်ကြည်နူးဖွယ်ရာ ရှိုးပြပွဲတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။

လင်းလင်း (ShweMom)
Ref: cbc, cnn