စာပို့ခိုတစ်ကောင်ဟာ အမေရိကန်ကနေ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်သန်းပြီး မိုင်၈ထောင်ခရီးနှင်ကာ သြစတေးလျကိုထွက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ သြစတေးလျအာဏာပိုင်တွေဟာ ၄င်းခိုကို သတ်ပစ်ဖို့ စဉ်းစားနေကြောင်း cbsnews ကတဆင့်သိရပါတယ်။ စာပို့ခိုကိုတော့ ဒီဇင်ဘာ၂၆ရက်မှာ Kevin Celli-Bird ဆိုသူက ၄င်းရဲ့မဲလ်ဘုန်းနောက်ဖေးခြံဝင်းထဲ တွေ့ခဲ့တာဖြစ်ပါတယ်။ တွေ့ရှိချိန်မှာတော့ ခိုဟာ ပင်ပန်းနွမ်းနယ်နေပါတယ်။ ၄င်းခိုဟာ အမေရိကန် အိုရီဂွန်ပြည်နယ်ပြိုင်ပွဲတစ်ခုကနေ ပျောက်ဆုံးလာတဲ့ခိုဖြစ်ကြောင်း ယူဆထားကြပါတယ်။ Kevin ကတော့ ခိုကို Joe လို့ အမည်ပေးထားပါတယ်။

Joe ရဲ့ခြေထောက်ကိုတော့ မီဒီယာတွေက စိတ်ဝင်စားနေပါတယ်။ စည်းကမ်းကြပ်တယ်လို့ နာမည်ကြီးတဲ့ Australian Quarantine and Inspection Service က Kevin ကိုဆင့်ခေါ်ကာ ခိုကို ဖမ်းခိုင်းခဲ့ကြပါတယ်။ “သူတို့ပြောတာက ခိုက အမေရိကက လာတာတဲ့။ ငှက် ရောဂါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာ။ သူတို့ကို ကူညီနိုင်မလားလို့ ကျွန်တော့်ကိုမေးတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် ခိုမဖမ်းနိုင်ဘူး။ ခိုနဲ့လက်မ၂၀ အတွင်းတောင်မသွားနိုင်ဘူး။ သွားတာနဲ့ ခိုက ပျံပြေးရော။” လို့ ဆိုပါတယ်။
အခုဆိုရင်တော့ အာဏာပိုင်တွေက ပရော်ဖက်ရှင်နယ်ငှက်ဖမ်းသမားခေါ်ပြီး Joe ကို ဖမ်းဖို့စဉ်းစားနေကြပါတယ်။ သူတို့ကတော့ ဒီခိုကြောင့် သြစတေးလျကြက်ငှက်လုပ်ငန်းတွေမှာ အန္တရာယ်တစ်ခုခု တွေ့မှာစိုးလို့ဖြစ်ကြောင်းဆိုပါတယ်။ ခိုကို ကနဦးတွေ့ရှိသူ Kevin ကတော့ တစ်နေ့မှာ သူ့နောက်ဖေးခြံထဲ ရေပန်းနား ရေသောက်ပြီး ခန္ဓာကိုယ်ကိုဆေးနေတဲ့ ခိုတစ်ကောင်ကို တွေ့ခဲ့တာဖြစ်ပါတယ်။

Kelvin က ဘီစကစ်တွေခြေပြီး ခိုကိုကျွေးခဲ့ပါတယ်။ ခိုက အားနည်းနေပုံပေါ်ပြီး သူ့ကိုလည်း မကြောက်ကြောင်း Kevin က ဆိုပါတယ်။ ခိုခြေထောက်မှာတော့ အပြာရောင်အပတ်တစ်ခုပါပါတယ်။ နောက်တစ်နေ့မှာလည်း ခိုက သူ့ဆီကိုရောက်လာပြီး အစာတောင်းတာ ရေသောက်နေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ခိုဟာ အားပြန်ပြည့်နေပြီဖြစ်တဲ့အတွက် Kevin က မဖမ်းနိုင်တော့တာဖြစ်ပါတယ်။ ခိုက Kevin ရဲ့ နောက်ဖေးခြံထဲကိုတော့ နေ့တိုင်းလာလေ့ရှိပါတယ်။ Australian National Pigeon Association ရဲ့အတွင်းရေးမှုး Brad Turner ကတော့ အမေရိကန်ကလာတဲ့ ခိုတွေမှာ ရှားပါးရောဂါတွေသယ်ဆောင်လာနိုင်တာကြောင့် Joe ကို သတ်ပစ်ဖို့ သဘောတူခဲ့ကြောင်းလည်း သိရပါတယ်။
ShweMom