၂၀၁၈ကမ္ဘာ့ဖလားပွဲအကြောင်း အသေးစိတ်အချက်အလက်များ စုစည်းမှု

FIFA World Cup ဆိုတာ (၄)နှစ်တစ်ကြိမ် ကျင်းပပြီး ပြိုင်ပွဲဝင် အသင်းပေါင်း(၃၂)သင်း ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတစ်ခုပါ။ (၁၉၃၀)ခုနှစ်တည်းက စတင်ကျင်းပခဲ့တဲ့ သက်တမ်းရင့် ပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။ (၁၉၃၄)ခုနှစ်ကနေ (၁၉၇၈)ခုနှစ် ပြိုင်ပွဲတွေအထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၆)သင်း သတ်မှတ်ထားခဲ့ပြီး (၁၉၈၂)ခုနှစ် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် အသင်းပေါင်း(၂၄)သင်းအထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ (၁၉၉၈)ခုနှစ်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းအထိ ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

(၂၀၁၈)ခုနှစ် FIFA World Cup ပြိုင်ပွဲကိုတော့ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာပါ။ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့် ရဖို့ဆိုတာ တကယ်တမ်းတော့ မလွယ်လှပါဘူး။ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ရုရှားနိုင်ငံဟာ အင်္ဂလန်နိုင်ငံ၊ ပူးတွဲအိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ စပိန်/ပေါ်တူဂီ၊ နယ်သာလန်/ဘယ်လ်ဂျီယံတို့နဲ့ အဆင့်(၂)ဆင့် ယှဉ်ပြိုင်ပြီးမှ ရွေးချယ်ခံခဲ့ရတာပါ။ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပမယ့်နိုင်ငံကိုတော့ တိုက်ကြီး(၆)တိုက်မှာရှိတဲ့ FIFA လက်အောက်ခံ ဘောလုံးအဖွဲ့ချုပ်(၂၁၁)ခုက မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ FIFA World Cup ကို ဥရောပတိုက်မှာ (၁၀)ကြိမ်၊ တောင်အမေရိကတိုက်မှာ (၅)ကြိမ်၊ မြောက်အမေရိကတိုက်မှာ (၃)ကြိမ်၊ အာရှတိုက်မှာ(၁)ကြိမ်နဲ့ အာဖရိကတိုက်မှာ (၁)ကြိမ် လက်ခံကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ (၂၀၁၈) FIFA World Cup ရုရှားပြိုင်ပွဲမှာ ဥရောပတိုက်မှာ (၁၁)ကြိမ်မြောက် ကျင်းပမယ့် FIFA World Cup ပြိုင်ပွဲနဲ့ (၂၁)ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ FIFA Wordl Cup ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်သွားမှာပါ။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှ စတိုင်လ်အကျဆုံး ကစားသမား (၅)ဦး

(၂၀၁၈)ရုရှား FIFA Wordl Cup ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ(၁၄)ရက်နေ့မှာ မော်စကိုမြို့ Luzhniki ဘောလုံးကွင်းကြီးထဲ အိမ်ရှင်ရုရှားအသင်းနဲ့ ဆောဒီအာရေးဗီးယားအသင်းတို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပွဲစဉ်ပေါင်း(၆၄)ပွဲ ပါဝင်မှာဖြစ်ပြီး ရုရှားနိုင်ငံက မြို့ကြီး(၁၁)မြို့မှာရှိတဲ့ ဘောလုံးကွင်းပေါင်း(၁၂)ကွင်းမှာ ယှဉ်ပြိုင် သွားကြမှာပါ။ ဗိုလ်လုပွဲကိုလည်း အဖွင့်ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ Luzhniki ဘောလုံးကွင်းကြီးထဲမှာပဲ ဇူလိုင်လ(၁၄)ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်အသင်း အရေအတွက်ကတော့ အိမ်ရှင် ရုရှားနဲ့ ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ အသင်း(၃၁)သင်း၊ စုစုပေါင်း(၃၂)သင်းပါ။ ခြေစစ်ပွဲတွေကိုတော့ တိုက်ကြီး(၆)တိုက်က FIFA ရဲ့ လက်အောက်ခံ ဒေသတွင်း ဘောလုံးအဖွဲ့ချုပ်တွေဖြစ်တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၊ အာရှ ဘောလုံးအဖွဲ့ချုပ်(AFC)၊ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)၊ မြောက်ပိုင်း,အလယ်ပိုင်းအမေရိကနဲ့ ကာရေဘီယံဘောလုံးအဖွဲ့ချုပ်(CONCACAF) ၊ သမုဒ္ဒရာပိုင်းဇုန်ဘောလုံး အဖွဲ့ချုပ်(OFC)တို့က သက်ဆိုင်ရာ တိုက်အလိုက် ဇုန်တွေ ခွဲပြီး ယှဉ်ပြိုင်ခဲ့ကြတာပါ။

ခြေစစ်ပွဲအောင် အသင်းတွေအဖြစ် ဥရောပတိုက်က (၁၃)သင်း၊ အာရှတိုက်က (၅)သင်း၊ တောင်အမေရိက တိုက်က (၅)သင်း၊ အာဖရိကတိုက်က (၅)သင်း၊ မြောက်အမေရိကတိုက်က (၃)သင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ရုရှားအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်သွားကြမှာပါ။ သမုဒ္ဒရာပိုင်းဇုန်ကတော့ တစ်သင်းမှ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။

READ
ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လျှော့တွက်ခံရတဲ့ အသင်းတွေက မီးခဲပြာဖုံးသူရဲကောင်းများ

အုပ်စုအဆင့် ပွဲစဉ်တွေကိုတော့ (၁၄.၆.၂၀၁၈) ကနေ (၂၉.၆.၂၀၁၈) အထိ နေ့စဉ်တိုင်း လိုလို ယှဉ်ပြိုင်သွားကြမှာပါ။ အုပ်စုအဆင့် ပွဲစဉ်(၁)ကိုတော့ (၁၄.၆.၂၀၁၈) ကနေ (၁၉.၆. ၂၀၁၈)အထိ၊ ပွဲစဉ် (၂)ကိုတော့ (၂၀.၆.၂၀၁၈)ကနေ (၂၅.၆.၂၀၁၈)၊ ပွဲစဉ်(၃)ကိုတော့ (၂၅.၆.၂၀၁၈)ကနေ (၂၉.၆.၂၀၁၈)အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာပြည်က ဘောလုံးချစ်ပရိသတ်တွေအတွက် ၀မ်းသာဖို့ကောင်းတဲ့ အချက်ကတော့ (၂၀၁၈)ရုရှား FIFA World Cup ပြိုင်ပွဲရဲ့ ပွဲချိန်တွေပါ။ ပွဲချိန်တွေဟာ အခြားဘောလုံးပြိုင်ပွဲတွေလို ညသန်းခေါင်ကျော်နဲ့ မနက်လင်းအားကြီး အချိန်တွေမှာ ယှဉ်ပြိုင်သွားမှာ မဟုတ်ပါဘူး။ အလုပ်ကအပြန် အိမ်မှာ နားနားနေနေ အပန်းဖြေလို့ရတဲ့ ညနေခင်းနဲ့ ညဦးပိုင်းအချိန်တွေမှာ အများဆုံး ယှဉ်ပြိုင်သွားမှာပါ။

Credit to soccerway
Credit to soccerway
Credit to soccerway

အစောဆုံးပွဲချိန်မှာ မြန်မာစံတော်ချိန် ညနေ(၄း၃၀) ဖြစ်ပြီး (၆း၃၀)၊ (၇း၃၀)၊ (၈း၃၀)၊ (၉း၃၀)၊ (၁၀း၃၀)၊ (၁၂:၃၀) နဲ့ နောက်အကျဆုံး ပွဲချိန်အဖြစ် နံနက်လင်းအားကြီး (၁း၃၀)မှာ ယှဉ်ပြိုင်တဲ့ အုပ်စုပွဲတစ်ပွဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံး၊ အခမ်းနားဆုံး၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အားကစားပြိုင်ပွဲကြီးတစ်ခုကို ကြည့်ရှုခံစားခွင့်ရမယ့် အခွင့်အရေးကို လက်လွတ်မခံဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

SHARE