နယူးယောက်အခြေစိုက် ဘဏ္ဍာရေးစာနယ်ဇင်း Global Finance ကတော့ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာပေါ်မှာနေထိုင်ဖို့ အကောင်းဆုံးမြို့တွေကိုဖော်ပြခဲ့ပါတယ်။ ဒီထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်နေတာကတော့ တိုကျိုမြို့ပဲဖြစ်ပါတယ်။ ထိပ်ပိုင်း (၄) နေရာမှာတော့ တိုကျို ၊ လန်ဒန်၊ စင်္ကာပူ၊ နယူးယောက်တို့ရှိနေပါတယ်။
ဆိုးလ်မြို့ကတော့ နံပတ် (၈) နေရာမှာရှိနေပြီး ဟောင်ကောင်ကတော့ နံပတ် (၁၁) နေရာ၊ ဂျပန်နိုင်ငံက အိုဆာကာနဲ့ ဖူကိုကာတို့ကတော့ နံပတ် (၁၈) နဲ့ (၃၄) နေရာတို့မှာ အသီးသီးရှိနေပါတယ်။

ပုံမှန်ဆို ဂျပန်နိုင်ငံကမြို့တွေဟာ အဆင့်သတ်မှတ်တဲ့နေရာမှာ အဆိုးဆုံးနေရာကိုမရောက်သလို အမြင့်ဆုံးနေရာကိုလည်း မရောက်ပါဘူး။ ဒါ ဘာဖြစ်လို့လဲဆိုတော့ နေထိုင်မှုစရိတ်ကြီးတာရယ်၊ ပညာရေးနဲ့လူမှုရေးတို့မှာ အတားအဆီးတွေရှိနေတာရယ်ကြောင့် ဖြစ်ပါတယ်။ Global Finance ကိုယ်တိုင်ကတော့ ဒီနှစ်ရဲ့ အဆင့်သတ်မှတ်ချက်တွေဟာ တနည်းနည်းနဲ့ပုံမှန်မဟုတ်ဘူးလို့ ဆိုပါတယ်။
မြို့တွေကိုတော့ စီးပွားရေး၊ သုတေသနနဲ့ဖွံ့ဖြို့ရေး၊ ယဉ်ကျေးမှုဆိုင်ရာအပြန်အလှန်တုံ့ပြန်မှု၊ နေပျော်မှု၊ ပတ်ဝန်းကျင်၊ GDP ၊ Covid-19နဲ့ သေဆုံးတဲ့လူအရေအတွက် စတာတွေကို တိုင်းတာတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ကိုဗစ်နဲ့သေဆုံးတဲ့လူအရေအတွက်ကိုလည်း အဓိကအချက်သုံးချက်ထဲမှာ ထည့်သွင်းစဉ်းစားပါတယ်။” လို့ Global Finance က ဆိုပါတယ်။

အခုလိုတွက်ချက်မှုတွေထဲမှာ တိုကျိုကတော့ ရလဒ်အားလုံးမှာ အမှတ်တော်တော်ကောင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ လူဦးရေထူထပ်ပေမယ့် ကိုဗစ်နဲ့ သေဆုံးသူအရေအတွက်ကတော့ ထူးထူးခြားခြားပဲ အနည်းငယ်သာ ရှိနေတာဖြစ်ပါတယ်။ ပြောင်းပြန်ပြောရရင်တော့ အင်္ဂလန်နဲ့ အမေရိကန်တို့ဟာ ကိုဗစ်ကြောင့် သေဆုံးသူလူဦးရေ များပြားနေတာကြောင့် လန်ဒန်မြို့နဲ့ နယူးယောက်မြို့တို့ရဲ့ စုစုပေါင်းရလဒ်ဟာ သိသိသာသာလျော့ကျသွားတာဖြစ်ကြောင်းလည်း soranews24 အရ သိရပါတယ်။
ShweMom