(၂၀၁၈)ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ပရိသတ်တွေကို ဘောလုံးရသအပြည့်နဲ့ ဖျော်ဖြေမှု ပေးနေပြီပဲ ဖြစ်ပါတယ်။ မထင်မှတ်တဲ့ ရလဒ်တွေကြောင့်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသလို ပရိသတ်တွေကလည်း ပွဲရလဒ်တွေကို ကြိုတင်ခန့်မှန်းပြီး အချင်းချင်း ငြင်းခုန်နေကြဆဲပါ။ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ကစားသမားအများစု ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ပရိသတ်ကြားထဲ ရေပန်းစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေတော့ ရှိနေပါတယ်။ ဘောလုံးစွမ်းရည်ထက် အမိုက်စား ဆံပင်ပုံစံတွေကြောင့် ပရိသတ်ကြား ရေပန်းစားခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
နေမာ
ကမ္ဘာကျော် ဘောလုံးမင်းသား နေမာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကို သီးသန့် ဆံပင်ပုံစံစတိုင်လ် ပြောင်းခဲ့သူပါ။ ဒါပေမယ့် ပွဲဦးထွက် ဆွစ်ဇာလန်နဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဘရာဇီးလ် ဘောလုံးပရိသတ်တွေနဲ့ မီဒီယာတွေက ဘောလုံးထက် ဆံပင်ကိုပိုပြီး အာရုံစိုက်နေတယ်လို့ ဝေဖန်တာကို ခံခဲ့ရပါတယ်။ နေမာရဲ့ ဆံပင်ပုံစံကို အထာကျပြီး မိုက်လွန်းတယ်လို့ ချီးကျူးခဲ့သူတွေရှိသလို စပါဂက်တီခေါက်ဆွဲတွေ ခေါင်းပေါ်တင်ထားတယ်လို့ ဝေဖန်ခဲ့သူတွေ၊ ကြက်ဖအမောက်နဲ့ တူတယ်လို့ ဝေဖန်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။


ဂျိုဟွန်ဝူး
အဖွင့်ပွဲစဉ်မှာ ဆွီဒင်အသင်းကို ပင်နယ်တီဂိုးကြောင့် တောင်ကိုရီးယားအသင်း ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားအသင်းရဲ့ ကြိုးစားအားထုတ်မှုကို ပရိသတ်တွေ လက်ခံအားပေးခဲ့ကြသလို ပွဲအပြီးမှာ အသင်းသားတွေကို လိုက်လံနှစ်သိမ့်ပေးနေတဲ့ ဂိုးသမားဂျိုဟွန်ဝူးကိုလည်း ပရိသတ်တွေ အထူးအာရုံစိုက်မိခဲ့ပါတယ်။ ဂျိုဟွန်ဝူးရဲ့ ဆံပင်ပုံစံဟာ ဂိုးသမားတစ်ဦးထက် ကေပေါ့ပ်အဆိုတော်တစ်ဦးနဲ့ ပိုတူနေပြီး ကိုရီးယားဒရာမာနှစ်သက်တဲ့ အမျိုးသမီးဘောလုံးပရိသတ်တွေကတော့ အခုဆိုရင် ဂျိုဟွန်ဝူးအကောင့်ကို ဆိုရှယ်မီဒီယာမှာပါ ရှာဖွေပြီး အားပေးနေကြပါပြီ။


အလီယူ ဆီဆေး
ဆီနီဂေါအသင်းမန်နေဂျာ အလီယူ ဆီဆေးရဲ့ ဆံပင်ပုံစံကတော့ ရုတ်တရက် ကြည့်လိုက်ရင် အမေရိကန် ရက်ပ်ပါတစ်ယောက်နဲ့ တူနေမှာပါ။ ပိုလန်နဲ့ ဆီနီဂေါပွဲမှာ နိုင်လိုစိတ် ပြင်းထန်လွန်းတဲ့ အလီယူ ဆီဆေးရဲ့ ဟန်ပန်တွေနဲ့ ဆံပင်ပုံစံကတော့ ပရိသတ်တွေကို အကောင်းဆုံး ဖမ်းစားနိုင်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မီဒီယာတစ်ယောက်က အရွှန်းဖောက်ပြီး ဒီဆံပင်ပုံစံနဲ့ မပူဘူးလားလို့ မေးခဲ့ရာမှာတော့ ဆီဆေးက ပူလည်း လှချင်လို့ အရှည်ထားခဲ့တာဖြစ်ကြောင်း အရွဲ့တိုက်ပြီး ပြန်ဖြေခဲ့ရာမှာ အားလုံးပွဲကျခဲ့တယ်လို့လည်း သိရပါတယ်။



ဗီဒါ
နိုင်ဂျီးရီးယားကို (၀-၂)ရလဒ်နဲ့ ခရိုအေးရှား နိုင်ခဲ့တဲ့ပွဲမှာ ခရိုအေးရှား နောက်ခံလူ ဗီဒါရဲ့ ဆံပင်ပုံစံကို အားလုံးက သတိထားမိမှာပါ။ ဆံပင်အရှည်ကိုမှ စည်းထားပြီး ဘောလုံးနဲ့အတူ ပြေးရင်ပဲ ဖြစ်ဖြစ်၊ ခေါင်းခုန်တိုက်ရင်ပဲဖြစ်ဖြစ် လေထဲမှာ ၀ဲနေတဲ့ ဆံပင်တွေနဲ့ ဗီဒါကို ရုရှားလှပျိုဖြူတွေက အရမ်းပဲ သဘောကျနှစ်ခြိုက်နေတယ်လို့လည်း သိရပါတယ်။ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးတစ်ယောက်ဖခင် ဗီဒါကတော့ ဆံပင်အရှည်ထားရတာ သူ့ရဲ့ ငယ်စဉ်ကလေးဘတည်းက ၀ါသနာလို့ ၀န်ခံခဲ့ဖူးပါတယ်။


မီလီဗို ဂျီဒီနက်
သြစတြေးလျအသင်းရဲ့ အသင်းခေါင်းဆောင် မီလီဗို ဂျီဒီနက်ရဲ့ ပုံစံကတော့ ဘောလုံးသမားတစ်ဦးထက် ရှေးဟောင်း ရောမခေတ်က ကြေးစားစစ်သားတစ်ဦးလို ပုံစံမျိုးပေါက်နေပါတယ်။ ဆံပင်အုံထူထူမှာ မုတ်ဆိတ်မွေးတွေနဲ့ ဂျီဒီနက်ရဲ့ ပုံစံဟာ အသင်းဖော်တွေအတွက် အားကိုးအားထားပြုချင်စရာ အသင်းခေါင်းဆောင်တစ်ဦး ဟန်ပန်မျိုးရှိနေပြီး ပြိုင်ဘက်တွေအတွက်တော့ ထိတ်လန့်စရာဖြစ်နေပါတယ်။

