လော့ဒေါင်းအတွင်း ကြောင်တွေဟာ သခင်တွေအပေါ်စိတ်ကုန်လာကြောင်း သိရ

pexels/pixabay

သိပ္ပံဂျာနယ် PLOS Medicine ရဲ့သုတေသနပြုချက်အရ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းအတွင်းမှာ လူတွေအတွက် အကူအညီအများကြီးဖြစ်စေပြီး စိတ်ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ လူတွေဟာလည်း လော့ဒေါင်းကြောင့် အထီးကျန်နေတဲ့အချိန် အိမ်က တိရစ္ဆာန်လေးတွေကိုအဖော်ပြုပြီး စိတ်ချမ်းမြေ့မှုကို ရယူနိုင်ကြပါတယ်။

ဒါပေမဲ့လည်း တစ်ချို့သော တိရစ္ဆာန်လေးတွေမှာတော့ အထူးသဖြင့် ကြောင်တွေဆိုရင် အိမ်မှာနေရတာ သခင်တွေနည်းတူ စိတ်ကျေနပ်မှုမရရှိကြဘူးလို့ သိရပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအတွက်ဆိုရင်တော့ တိရစ္ဆာန်လေးတွေကို သူတို့နားမှာ အမြဲတမ်းထားရတာ အရမ်းကိုပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေဘက်ကကြည့်ရင်တော့ တစ်ချိန်လုံး သူ့ကို ဟိုပုတ်ဒီပုတ်နဲ့၊ အေးအေးဆေးဆေးမနေရအောင် လိုက်နှောင့်ယှက်နေတဲ့ဟူးမန်းလို့ ထင်ချင်စရာရှိပါတယ်။ ဒီအကြောင်းကိုတော့ တိရစ္ဆာန်တွေရဲ့အပြုအမူကိုသုတေသနပြုနေတဲ့ ဒေါက်တာ Emmanuelle Titeux က ပြောပြခဲ့တာပါ။

pexels/Alexas Fotos

မကြာသေးခင် လတွေအတွင်းကလည်း အိမ်မွေးကြောင်တွေက စိတ်ညစ်နေပုံရတယ်ဆိုပြီး ကြောင်ပိုင်ရှင်တွေပြောပြထားတဲ့အကြောင်းအရာတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပြည့်နှက်နေပါတယ်။ ကြောင်ပိုင်ရှင်တစ်ယောက်ဆိုရင် ကြောင်လေးကောင်မွေးထားရာမှာ ကြောင်တစ်ကောင်က နံရံတွေပေါ်ခုန်တက်ခုန်ဆင်းလုပ်ပြီး ကြောင်အားလုံးဟာ လော့ဒေါင်းအတွင်းမှာ မာန်ဖီပြီး ရှူးရှူးရှဲရှဲနဲ့ ဖြစ်နေကြောင်းလည်း ပြောပြသွားပါသေးတယ်။ “သခင်တွေအပေါ် အရမ်းရန်လိုတဲ့ကြောင်တွေအများကြီးကို ကျွန်မအများကြီးတွေ့ဖူးပါတယ်။ တစ်ချို့တွေဆိုရင် သူတို့ကြောင်က သူတို့ကိုရန်ပြုလွန်းလို့ ကြောင်ကိုညင်ညင်သာသာသတ်ပေးဖို့ တောင်းဆိုတဲ့လူတွေတောင် တွေ့ဖူးပါတယ်။” လို့ ဒေါက်တာ Titeux က ပြောပြပါတယ်။

READ
မနာလိုခြင်း ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ မနာလိုတဲ့ စိတ်ကို ကိုင်တွယ်ဖြေရှင်းနည်း
pexels/pixabay

အထူးသဖြင့် လော့ဒေါင်းအတွင်းမှာ ကြောင်တွေဟာလည်း အပြင်ထွက်ခွင့်မရဘဲ လူတွေနဲ့အတူတူ အိမ်ထဲမှာပဲပိတ်နေကြရပါတယ်။ အိမ်ပြင်ကိုလည်း ထွက်လို့မရ၊ တစ်နေ့လုံး သခင်နဲ့ပဲအတူနေရတဲ့ အိမ်မွေးကြောင်တွေမှာတော့ သူတို့ရဲ့လုပ်နေကျအပြုအမူတွေကိုထပ်ကာထပ်ကာပြုလုပ်တာတွေ ဥပမာ ကိုယ်လုံးကို လျှာနဲ့မကြာခဏယက်တာ၊ ကုတ်ခြစ်တာစတဲ့ စိတ်မကျေနပ်တဲ့လက္ခဏာတွေကို တွေ့မြင်ရကြောင်းလည်း သိရပါတယ်။ ဒေါက်တာ Titeux ကတော့ တကယ်လို့ အိမ်က ကြောင်လေးဟာ မပျော်ရွှင်ဘူးဆိုရင် တတ်နိုင်ရင် ကြောင်လေးကို ပတ်ဝန်းကျင်ပြောင်းပေးဖို့နဲ့ ဒါမှမဟုတ် ကြောင်လေးနဲ့ ဆက်ဆံတုံ့ပြန်တဲ့ ကိုယ့်အပြုအမူကို ပြောင်းလဲပေးပါလို့ ဆိုပါတယ်။

ShweMom

SHARE