ကိုရိုနာဗိုင်းရပ်စ်နဲ့ ၄င်းရဲ့ လူသားတွေထံ ကူးစက်ပြန့်ပွားနိုင်ပုံအကြောင်း

CDC, twitter/howroute

တရုတ်နိုင်ငံကစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လတ်တလော ကူးစက်နှုန်းမြန်တဲ့ ဗိုင်းရပ်စ်တစ်မျိုးအဖြစ် သတင်းပြန့်နေပါတယ်။ ၄င်းဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ၀ူဟန်မြို့က ဈေးတစ်ခုမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယင်းနောက်မှာတော့ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဆီ ပြန့်နှံ့သွားခဲ့တာပါ။ ယခုအပတ်ထဲ အင်္ဂါနေ့မှာတော့ အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနက အမေရိကမှာ ၀ူဟန် ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ၄င်းဗိုင်းရပ်စ်ကြောင့် လူ (၆) ဦး သေဆုံးခဲ့ပြီးပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ဟာ နို့တိုက်သတ္တ၀ါတွေထဲမှာ အတွေ့ရများပါတယ်။ လူတွေကို ကူးစက်ခဲပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကုလားအုတ်နဲ့ လင်းနို့လို သတ္တ၀ါတွေမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပိုး အစုအဝေးပဲ ဖြစ်ပါတယ်။ ၄င်းဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းစနစ်ကို ဖျက်ဆီးတတ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အများစုဟာ တိရစ္ဆာန်တွေကိုသာ ကူးစက်နိုင်ပြီး လူတွေကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်ဟာ အနည်းငယ်ပဲ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ဘာကြောင့် လူတွေထံ ကူးစက်ရသလဲဆိုတာကိုတော့ လက်ရှိအချိန်ထိ ပညာရှင်တွေ အဖြေရှာနေတုန်းပါ။

Freepik/CDC

အမှန်တော့ နေထိုင်မကောင်းဖြစ်တာတွေထဲမှာ ရိုးရိုး အအေးမိတာဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ကိုရိုနာဗိုင်းရပ်စ်အများစုက ပျော့ပေမယ့် ဗိုင်းရပ်စ်မျိုးစိတ် (၂) ခုလောက်ကတော့ အသက်အန္တရာယ်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါပိုးတွေနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့တဲ့ ရောဂါတွေ ရှိခဲ့ဖူးပါတယ်။ SARS (Severe Acute Respiratory Syndrome) ဟာ (၂၀၀၃) ခုနှစ်မှာ တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး MERS (Middle East Respiratory Syndrome) ကတော့ ဆော်ဒီအာရေဗျမှာ (၂၀၁၂) စက်တင်ဘာတုန်းက ဖြစ်ပွားခဲ့ပါတယ်။

READ
HIV ကဲ့သို့အန္တရာယ်ရှိသည့် ကုမရတဲ့ရောဂါတစ်မျိုး သြစတေးလျတွင် ပျံ့နှံ့နေ

ကိုရိုနာဗိုင်းရပ်စ်ကတော့ တိရစ္ဆာန်တွေဆီက စတင်ဖြစ်ပွားလာပြီး လူသားတွေကို ကူးစက်လာတာပါ။ ၀ူဟန်ဈေးထဲက ပေါက်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကတဆင့် လူဆီ ကူးစက်ကြောင်းနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူရဲ့ ကိုယ်ခန္ဓာကထွက်တဲ့ အရည်ကတဆင့် အခြားလူတွေဆီ အဆင့်ဆင့်ကူးစက်တာ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ အရာဝတ္ထုရဲ့ မျက်နှာပြင်ကို ထိတွေ့ပြီး ပါးစပ်၊ မျက်လုံးစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ထပ်မံထိတွေ့ခြင်း စတဲ့ အပြုအမူတွေကနေ ဗိုင်းရပ်စ်ပြန့်ပွားနိုင်ပါတယ်။ မိလ္လာအညစ်အကြေးတွေကနေတဆင့်လည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေကတော့ နှာစေးတာ၊ နမိုးနီးယားအဆုတ်ရောင်တာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ စတာတွေပဲဖြစ်ပါတယ်။ သူ့ရောဂါလက္ခဏာတွေကတော့ သာမန်အအေးမိဖျားနာတဲ့ဝေဒနာမျိုးနဲ့ ခပ်ဆင်ဆင်ပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့သူ (ဥပမာ ငယ်ရွယ်တဲ့ကလေးတွေနဲ့ သက်ကြီးရွယ်အို) တွေဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ပိုပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကို ကာကွယ်ဖို့ ယနေ့ထိ ကာကွယ်ဆေးမပေါ်သေးပါဘူး။ ဒါပေမယ့် ရောဂါကို အတတ်နိုင်ဆုံးကာကွယ်ဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မိမိတို့လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောဖို့လိုကြောင်း အမေရိကန် Centers for Disease Control and Prevention ကတော့ အကြံပြုတိုက်တွန်းခဲ့တာကိုလည်း insider အရ ဖော်ပြပေးလိုက်ပါတယ်။

READ
အမျိုးသမီးတွေအဖြစ်များဆုံး ကင်ဆာရောဂါများနှင့်ကြိုတင်ကာကွယ်နည်းများ

လင်းလင်း (ShweMom)

SHARE