ပညာရေးဘက်မှာလည်း အံ့အားသင့်စရာ ထူးချွန်ကြတဲ့ ဟောလိဝုဒ်စတားများ

လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာပဲ ထွန်းထွန်းပေါက်ပေါက် ဖြစ်နိုင်တယ်လို့ ပြောကြတာ ရှိပါတယ်။ ဒီအယူအဆဟာ ကိုယ်ကျင်လည်ရာ နယ်ပယ်မှာ အောင်မြင်နေရုံတင်မဟုတ်ဘဲ ပညာရေးမှာပါ အထင်ကြီးလောက်စရာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်သူတွေအတွက်ဆိုရင်တော့ တက်တက်စင်အောင် လွဲနေတော့မှာပါ။ ဟောလိဝုဒ်လိုနေရာမျိုးမှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိထားပြီး ကမ္ဘာအနှံ့အပြားမှာလည်း အားပေးတဲ့ပရိသတ်တွေ သန်းနဲ့ချီပိုင်ဆိုင်ထားတဲ့ အချို့သော နာမည်ကြီးအကျော်အမော်တွေဟာ ပညာရေးဘက်မှာလည်း အံ့အားသင့်စရာကောင်းလောက်အောင်ကို ထူးချွန်နေသူတွေ ဖြစ်နေပါသေးတယ်။ သူတို့တွေကတော့ …

Eva Longoria
flickr

အမေရိကန်သရုပ်ဆောင်မင်းသမီး၊ ဒါရိုက်တာ၊ ပရိုဂျူဆာ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မမလှလှ Eva Longoria ဟာ ပညာရေးဘက်မှာလည်း တကယ်ထူးချွန်သူတစ်ယောက်ပါ။ ကိုယ်လက်အင်္ဂါသန်စွမ်းကျန်းမာရေးဆိုင်ရာ Bachelor of Science ဘွဲ့ကို တက္ကဆက်တက္ကသိုလ်ကနေ ရရှိခဲ့ပြီး Chicano Studies နဲ့ Master of Arts မဟာဘွဲ့ကိုတော့ ၂၀၁၃ခုနှစ်မှာ ထပ်မံရရှိခဲ့ပါတယ်။ “ပညာသင်တယ်ဆိုတာဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး”လို့လည်း သူမက ပြောထားပါသေးတယ်။

Will Ferrell
flickr

ဟာသ သရုပ်ဆောင်ဖြစ်တဲ့ Will Ferrell ကတော့ တော်တော်လေးကို လူသိနည်းတဲ့ဘွဲ့ကို ယူထားသူဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ University of Southern California ကနေ အားကစားနဲ့ သတင်းအချက်အလက်ဆိုတဲ့ Bachelor ဘွဲ့ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ပြောပြချက်အရ အဆိုပါဘွဲ့ကို ရရှိဖို့ အင်မတန်မှ ခက်ခဲပင်ပန်းကြမ်းတမ်းစွာ လေ့လာသင်ယူခဲ့ရပြီး တက်ရောက်သူထဲက လူအချို့ပဲ ဘွဲ့ရတဲ့အထိ တက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းထွက်သွားတဲ့ လူရာခိုင်နှုန်းဟာ တအားများခဲ့ပြီး သူဘွဲ့ရပြီးနောက် (၈)နှစ်လောက်အထိ အဆိုပါဘွဲ့ကို တက္ကသိုလ်က ရပ်နားထားခဲ့တယ်လို့လည်း ပြောပြပါတယ်။ ဒီဘွဲ့ကို ပိုင်ဆိုင်ထားသူတွေဟာ တကယ့်အထက်တန်းလွှာတွေလိုပဲ လက်တစ်ဆုပ်စာလောက်ပဲ ရှိပါသတဲ့။ ဒီလိုဘွဲ့ကို ကြိုးစားပမ်းစားနဲ့ ယူပြီးတဲ့ Will Ferrell ဟာ ၂၀၁၇ ခုနှစ်မှာတော့ Doctor of Humane Letters ဆိုတဲ့ ပါရဂူဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။

READ
ဝိတ်ကျပြီးနောက်ပိုင်း တစ်နေ့တခြား ပိုပိုလှလာတဲ့ စံရတီမိုးမြင့်
Arnold Schwarzenegger
wikipedia

အက်ရှင်ကားတွေကို နှစ်သက်တဲ့ မြန်မာပရိသတ်တွေကြားမှာ တကယ်ကို ရေပန်းစားကျော်ကြားခဲ့တဲ့ မင်းသားကြီး အာနိုးဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်ပါတယ်။ အာနိုးဟာ သူ့ရဲ့တောင့်တင်းသန်မာလှတဲ့ ခန္ဓာကိုယ်အနေအထားကို ရယူပြီးတဲ့အချိန် ၁၉၇၉ ခုနှစ်မှာ စီးပွားရေးပညာရပ်ဖြစ်တဲ့ International Business and Economics နဲ့ Bachelor of Science ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။

Ken Jeong
flickr

Ken Jeong ရဲ့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်ပုံစံတွေဟာ ထူထူအအ၊ ကြောင်တောင်တောင်ပုံစံတွေ ဖြစ်ပေမယ့် တကယ့် အပြင်စရိုက်ကတော့ စမတ်ကျသူတစ်ယောက် ဖြစ်ပါတယ်။ ဟာသ သရုပ်ဆောင်အဖြစ် လူသိများတဲ့ Ken Jeong ဟာ သူ့ရဲ့ဆေးပညာဆိုင်ရာ မဟာဘွဲ့ကို University of North Carolina မှာရှိတဲ့ Chapel Hill School of Medicine ကျောင်းကနေ ၁၉၉၅ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ဆေးကုသခွင့် လိုင်စင်ရထားပြီးသား သမားတော်တစ်ယောက်ဖြစ်တဲ့ Ken Jeong ဟာ ဆေးကုတဲ့အလုပ်နဲ့ အသက်မမွေးဖြစ်ပေမယ့်လည်း အရေးကြုံတဲ့အခါမှာတော့ ကျွမ်းကျင်သမားတော်တွေလိုပဲ အလွယ်တကူ ကုသမှုပေးနိုင်သူ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ပွဲတစ်ခုမှာ ပွဲကြည့်ပရိသတ်ထဲက အမျိုးသမီးတစ်ယောက် လေသင်တုန်းဖြတ်သွားတာကို စင်အောက်ပြေးဆင်းပြီး ကုသမှုပေးနိုင်ခဲ့တာက သာဓကတစ်ခုပါပဲ။

Gerard Butler
wikipedia

300 ရုပ်ရှင်ကားနဲ့ မြန်မာပရိသတ်ကြားမှာ လူသိများခဲ့တဲ့ မင်းသားချော Gerard Butler ဟာ ဟောလိဝုဒ်က ကြည့်အကောင်းဆုံး မင်းသားတစ်လက်ဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ရုပ်ချောချော ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ University of Glasgow ကနေ ရှေ့နေဘွဲ့ရရှိထားတဲ့ မင်းသားဟာ ရှေ့နေကုမ္ပဏီတစ်ခုမှာ အလုပ်သင်အနေနဲ့ ၀င်ရောက်ခဲ့ပါသေးတယ်။ သို့ပေမယ့် ဟောလိဝုဒ်ရဲ့အနုပညာအလုပ်တွေ ဖိစီးနေတာကြောင့် လုပ်ငန်းတာဝန်တွေ ပျက်ကွက်ခဲ့ပါတယ်။ ဟောလိဝုဒ်က မင်းသားဘ၀ကို နှစ်သက်သလို ရှေ့နေအလုပ်ကိုလည်း စိတ်ဝင်စားတဲ့ Gerard Butler ဟာ လုပ်ငန်းတာဝန် မကျေပွန်တာကြောင့် သူအလုပ်သင်လုပ်နေတဲ့ ရှေ့နေကုမ္ပဏီကနေ အထုတ်ခံခဲ့ရပြီး အဲ့ဒါဟာလည်း သူ့အတွက် နောင်တရစရာတစ်ခုဖြစ်တယ်လို့ ပြောပြထားပါတယ်။

READ
မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ရိုမန်တစ်ဆန်ဆန်ဆင်နွှဲခဲ့တဲ့ မိုးယုစံတို့ ဇနီးမောင်နှံ
Rowan Atkinson
wikipedia

Mr. Bean လို့ လူသိများတဲ့ ဟာသ သရုပ်ဆောင် Rowan Atkinson ဟာ သူနာမည်ကြီးတဲ့ Mr. Bean ဇာတ်ကောင်လို နုံအသူတစ်ယောက်တော့ မဟုတ်ပါဘူး။ Newcastle University နဲ့ Oxford University တို့မှာ ပညာလေ့လာဆည်းပူးခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ မဟာဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။ ပညာရေးမှာ ထူးချွန်တဲ့ Atkinson ဟာ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကျောင်းမှာပြုလုပ်တဲ့ ပြဇာတ်တွေနဲ့ ဟာသရှိုးတွေမှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်နယ်ပယ်ထဲကို ခြေချဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

Dolph Lundgren
wikipedia

မြန်မာပရိသတ်ကြားမှာ ရုရှားအာနိုးလို့ လူသိများတဲ့ Dolph Lundgren ဟာ ရုပ်ဖြောင့်၊ စမတ်ကျသူတစ်ယောက် ဖြစ်ရုံသာမကဘဲ ပညာရေးမှာလည်း တော်တော်လေး ထူးချွန်သူဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံသား အက်ရှင်မင်းသားကြီးဟာ ဓာတုအင်ဂျင်နီယာဘာသာရပ်နဲ့  Stockholm မြို့က Royal Institute of Technology မှာ ပညာသင်ကြားခဲ့ပြီး ၄င်းဘာသာရပ်နဲ့ မဟာဘွဲ့ကို Universality of Sydney မှာ ဆက်လက်သင်ကြား ရယူနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ကားတွေထဲမှာ ကြမ်းတာရမ်းတာကို ကြည့်ပြီး လူတကာမထင်လောက်မယ့် သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုကတော့ IQ 160 ရှိနေတာပါပဲ။

ကဲ … ဒါကတော့ နယ်ပယ်တစ်ခုတည်းမှာတင်မဟုတ်ဘဲ ပညာရေးဘက်မှာလည်း ထွန်းပေါက်ကြတဲ့ ဟောလိဝုဒ်က စတားတွေရဲ့အကြောင်းပါပဲ။ သူတို့တွေရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုတွေက စာဖတ်သူတွေအတွက်လည်း တစ်စုံတစ်ရာ အင်အားဖြစ်စေမယ်လို့ မျှော်လင့်ရင်း …။

အလင်းဦး (Shwemom)

Source: shared.com

SHARE