ဆယ်လီစားဖိုမှုးကြီးတစ်ဦးဖြစ်တဲ့ David Chang ဟာ Who Wants to Be a Millionaire အစီအစဉ်ကနေ ထိပ်ဆုံးဆုအကြီးကြီးဆွတ်ခူးခဲ့တဲ့ ပထမဆုံးဆယ်လီတစ်ဦးဖြစ်ပါတယ်။ သူဟာ အနိုင်ရရှိတဲ့ဆုကြေးငွေ ဒေါ်လာ၁သန်းလုံးကို ကိုဗစ်ကြောင့်ထိခိုက်ခံစားနေရတဲ့ စားသောက်ဆိုင်ဝန်ထမ်းအားလုံးကို လှူဒါန်းခဲ့ကြောင်း CNN သတင်းစာမျက်နှာအရ သိရပါတယ်။
တနင်္ဂနွေနေ့တုန်းက ထုတ်လွှင့်တဲ့အပိုင်းမှာတော့ အစီအစဉ်တင်ဆက်သူ Jimmy Kimmel က Momofuku စားသောက်ဆိုင်ကုမ္ပဏီတည်ထောင်သူ David Chang ကို မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ Kimmel က “ဘယ်ဆယ်လီမှ ဒါကိုမဖြေနိုင်ဘူးနော်။ အားလုံးထွက်သွားရတာ။” လို့ ပြောခဲ့ပါတယ်။ Kimmel ရဲ့နောက်ဆုံးမေးခွန်းကတော့ အိမ်ဖြူတော်မှာ ပထမဦးဆုံးလျှပ်စစ်မီးအသုံးပြုခွင့်ရတဲ့ အမေရိကန်သမ္မတအမည်ပဲဖြစ်ပါတယ်။
.@DavidChang on being the first celebrity to win $1 Million for charity on #WhoWantsToBeAMillionaire! pic.twitter.com/2lonV2kDmj
— Jimmy Kimmel Live (@JimmyKimmelLive) December 1, 2020
“ကြောက်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားဖို့အကောင်းဆုံးပါပဲ။” လို့ Chang က သူ့အတွေ့အကြုံကို ပြန်လည်ပြောပြပါတယ်။ ထို့နောက်မှာတော့ Chang က ခန့်မှန်းပြီး သမ္မတ Benjamin Harrison လို့ ဖြေလိုက်ပါတယ်။ တကယ်တော့ Chang က Harrison ဟာ တကယ်ပဲသမ္မတဟုတ်ရဲ့လားဆိုတာတောင် သေချာမသိပဲ မှန်းပြောခဲ့တာပါ။ ထို့နောက်မှာတော့ အဖြေမှန်သွားတာသိသွားတဲ့အတွက် Chang ဟာ ထိုင်ခုံကနေတောင် ထခုန်ခဲ့ပါတယ်။
Chang ဟာ Southern Smoke Foundation ကို အလှူငွေလှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ အဲ့ဒီအဖွဲ့အစည်းကတော့ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းမှာအလုပ်လုပ်နေကြတဲ့ လုပ်သားတွေကို ကူညီထောက်ပံ့ပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့လည်းဖြစ်ပါတယ်။ တကယ်လို့ Chang ဟာ နောက်ဆုံးမေးခွန်းကိုမဖြေဘဲရပ်လိုက်မယ်ဆိုရင် ဒေါ်လာ ငါးသိန်းနဲ့ပဲ ကျေနပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အလှူငွေနှစ်ဆရဖို့ရည်ရွယ်ချက်နဲ့ Chang ဟာ နောက်ဆုံးမေးခွန်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကံကောင်းချင်တော့ ဒေါ်လာ၁သန်းလုံးလုံး ပိုင်ဆိုင်နိုင်ခဲ့တာပါ။
Always wanted to hold a giant check on television. Thanks @millionairetv! Asian trivia dream team ftw 🇰🇷🇹🇼 @davidchang @minakimes pic.twitter.com/s1HBrNAZZQ
— Alan Yang 楊維榕 (@alanyang) November 30, 2020
Southern Smoke Foundation ကိုတော့ ၂၀၁၅ခုနှစ်မှာ စားဖိုမှုး Chris Shepherd က စတင်တည်ထောင်ခဲ့တာပါ။ ၄င်းဝက်ဆိုက်ဒ်အရ တစ်နိုင်ငံလုံးမှာရှိတဲ့ လူပေါင်း ၂,၀၇၁ ယောက်ဆီကို ဒေါ်လာ ၄,၀၉၇,၄၂၅ ဝေမျှခဲ့ပြီးဖြစ်ပါတယ်။ Chang ရဲ့အောင်မြင်မှုအပြီး Southern Smoke Foundation ဝက်ဆိုက်ဒ်ကတော့ “We Won a Million Dollars” ဆိုပြီး တွစ်ထားခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
ShweMom