ကမ္ဘာ့နိုင်ငံနေရာအနှံ့အပြားမှာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှုနဲ့ပတ်သက်လို့ အားမပေးကြပါဘူး။ ဒါပေမယ့်လည်း အက်စစ်အလောင်ခံရတဲ့သူတွေ၊ အက်ဆီးဒင့်ကြောင့် မျက်နှာရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့သူတွေနဲ့ မွေးကတည်းကရုပ်ဆင်းအင်္ဂါချို့ယွင်းလာတဲ့သူတွေအတွက်တော့ ပလတ်စတစ်ဆာဂျရီနည်းပညာဟာ တန်ဖိုးမဖြတ်နိုင်အောင်ရှိနေပါတယ်။
နည်းပညာတွေမြင့်လာတာနဲ့ လူတွေက ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှုတွေကို ပိုစိတ်ဝင်စားလာပြီး ဆာဂျရီအစွဲလမ်းလွန်းလွန်သူတွေတောင် ရှိလာပါတယ်။ ဒါပေမယ့် ကံမကောင်းလို့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှု မှားယွင်းခဲ့တဲ့အခါမှာလည်း ပြုပြင်လို့မရတော့ပဲ အရုပ်ဆိုးအကျည်းတန်ဘ၀နဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့သူတွေလည်းရှိပါတယ်။

ဆာဂျရီနဲ့ပတ်သက်လာရင် တချို့လူတွေက မျက်နှာအနေအထား ပိုကြည့်ကောင်းလာစေဖို့နဲ့ မျက်နှာပေါ်က အပြစ်အနာတွေ ဖုံးကွယ်ဖို့ပြုလုပ်ကြပါတယ်။ တချို့ကတော့ ကိုယ်နှစ်သက်တဲ့ Idol နဲ့တူအောင် အမျိုးမျိုးပြုပြင်ခွဲစိတ်မှုတွေ ပြုလုပ်ကြပါတယ်။ တကယ်တော့ ပလတ်စတစ်ဆာဂျရီကြောင့် သိသိသာသာလှပသွားတဲ့သူတွေဆိုတာ ရှားပါးလွန်းပေမယ့် အခုဖော်ပြမယ့်အမျိုးသမီးကတော့ ဆာဂျရီကြောင့် မင်းသမီးတစ်ယောက်လို လှပသွားတဲ့သူပါ။

အသက်(၂၃)နှစ်အရွယ် ဟီချမ်ရှီဟာ နာမည်ကျော်တရုတ်မင်းသမီး ဖန်ဘင်းဘင်းနဲ့ ရုပ်ချင်းတူတဲ့ အမျိုးသမီးတစ်ဦးဖြစ်ချင်ခဲ့ပါတယ်။ သူမဟာ ဖန်ဘင်းဘင်းရဲ့ မျက်နှာသွင်ပြင်အတိုင်းရဖို့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှုတွေကို (၈)နှစ်တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့အိပ်မက်ဟာ အောင်မြင်သွားခဲ့ပါပြီ။ ဟီချမ်ရှီဟာ “Super Girl” အမည်ရှိတဲ့ တီဗီရှိုးတစ်ခုမှာ ပါဝင်ခဲ့ရာမှ လူတွေက သူမကိုသတိထားမိခဲ့ကြပါတယ်။ အခုဆိုရင် ဟီချမ်ရှီဟာ သူမရဲ့ဖန်ဘင်းဘင်းနဲ့တူတဲ့ မျက်နှာသွင်ပြင်ကြောင့် အွန်လိုင်းက လူအများရဲ့ အာရုံစိုက်စရာ ဖြစ်လာနေကြောင်းသိရပါတယ်။
လင်းလင်း (ShweMom)
Ref: Viral4real