သမီးရဲ့အနာဂတ်လက်တွဲဖော်အကြောင်း ဖခင်တစ်ယောက်မှ ပေးစာ

ချစ်စရာ သမီးကလေးရေ …

တလောက ဖေဖေနဲ့မေမေဟာ Google မှာ အဖြေတစ်ခုကို ရှာဖြစ်ကြတယ်ကွယ်။ ရှာနေတဲ့အကြောင်းအရာကို ရိုက်နေရင်းတန်းလန်းမှာပဲ ကမ္ဘာပေါ်က လူမေးအများဆုံး မေးခွန်းတွေကို Google က ချပြပေးလာတာ တွေ့လိုက်ရ တယ်။ အဲ့ဒီ့စာရင်းရဲ့ ထိပ်ဆုံးက လူအများဆုံးရှာနေတဲ့ မေးခွန်းကို စိတ်ထဲမှာ ကသိကအောက်နဲ့ပဲ တွေ့လိုက်ပြန်တယ်။ မေးခွန်းက “သူ ကျွန်မကို စိတ်ဝင်စားနေအောင် ဘယ်လိုလုပ်ရမလဲ”တဲ့။

အဲ့ဒီ့မေးခွန်းဟာ ဖေဖေ့ကို ချောက်ချားသွားစေတယ် သမီးရေ။ အဲ့ဒါနဲ့ပဲ ဖေဖေလည်း မရေမတွက်နိုင်တဲ့ ဆောင်းပါးတွေ ကို အကြမ်းဖျဉ်း လိုက်ရှာဖတ်ကြည့်မိတယ်။ “သူ့အမြင်မှာ ဆွဲဆောင်မှုရှိနေအောင် ဘယ်လိုနေရမလဲ”၊ “သင့်အမျိုးသား ကို ဘယ်အချိန်မှာ ဘယ်လို ပြုစုရမလဲ” ဆိုတဲ့ ဆောင်းပါးမျိုးတွေ မရေမတွက်နိုင်အောင်ပဲ သမီးရေ။ ဖေဖေလည်း အဲ့ဒါတွေကြည့်ပြီး ဒေါသထွက်သွားမိတယ်။

သမီးရေ … ယောက်ျားတစ်ယောက်က ကိုယ့်ကိုစိတ်ဝင်စားနေအောင် ကြိုးစားအားထုတ်ဖို့ မလိုအပ်သလို၊ သူ စိတ်ဝင် စားနေဖို့ ကြိုးစားရမယ့်အလုပ်ဟာ ဘယ်တုန်းကမှ သမီးလေးရဲ့ အလုပ်မဟုတ်ပါဘူးကွယ်။

ချစ်ရတဲ့ သမီးလေးရေ … ငြင်းပယ်ခံရမှု၊ ဆုံးရှုံးမှုနဲ့ အတ္တတွေကြောင့် စိတ်လှုပ်ရှားခံစားနေမှာ မဟုတ်ဘဲ ခိုင်မာနက်ရှိုင်း တဲ့ သမီးရဲ့နှလုံးအိမ်တစ်နေရာကနေ သမီးဟာ လူတွေရဲ့ စိတ်ဝင်စားခံရဖို့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်လေးကို ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း သိနေဖို့သာ အရေးကြီးပါတယ်ကွယ်။ လူတိုင်းလူတိုင်းဟာ အလေးပေးအာရုံစိုက်ခံရဖို့ ထိုက်တန်တယ်ဆိုတဲ့အချက်ကို သမီးလေး အမြဲအမှတ်ရနေရင် ဘ၀ရဲ့တိုက်ပွဲအများစုမှာ အောင်နိုင်ပြီးသား ဖြစ်နေမှာ အသေအချာပဲ သမီး …။

READ
ခွေးနဲ့ကြောင်ကို တပြိုင်တည်းမွေးမယ်ဆိုရင် မဖြစ်မနေ သိထားသင့်တာလေးတွေ…

ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ထိုက်တန်မှုကို ကိုယ်တိုင်သိရှိနေပြီဆိုရင် ဆွဲဆောင်မှုရှိခြင်းဆိုတဲ့စကားဟာ သမီးလေး အတွက် အဓိပ္ပာယ်အရှိဆုံး၊ အထိုက်တန်ဆုံး ဖြစ်နေပါလိမ့်မယ်။ ဒီလိုအသိစိတ်လေး ရှိနေပြီဆိုရင် သမီးလေးကို စိတ်ဝင် စားရုံသာမက သူ့ရဲ့တစ်ဘ၀လုံးကိုပါ အဲ့ဒီ့စိတ်ဝင်စားမှုနဲ့အတူ ရင်းနှီးမြုပ်နှံပြီး သမီးအနားမှာ နေသွားမယ့် ချစ်သူလက်တွဲ ဖော်တစ်ယောက်ကို ရရှိပါလိမ့်မယ်ကွယ်။

သမီးကို ဖေဖေပြောပြချင်တာတစ်ခုက သမီးက စိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို သိထားတဲ့ ယောက်ျားတစ် ယောက်ကို စိတ်ဝင်စားနေအောင်လို့ ကြိုးစား၊ ထိန်းချုပ်နေစရာ မလိုဘူးနော် သမီးလေး …။

သမီးလက်တွဲမယ့် ယောက်ျားဟာ ထမင်းစားပွဲပေါ် လက်ထောက်ထားတတ်တဲ့သူဆိုလည်း ဖေဖေ ဂရုမစိုက်ပါဘူး။ သမီး ပြုံးနေတဲ့အချိန်မှာ နှာခေါင်းလေး တွန့်သွားတာလေးကို မျက်တောင်မခတ် စိုက်ကြည့်နေတတ်တဲ့သူမျိုး ဖြစ်နေသမျှ ဖေဖေ့အတွက် အဆင်ပြေပါတယ်။

သမီးက မွေးထုတ်ပေးမယ့် သမီးလိုပဲ ခပ်ဆိုးဆိုး၊ ဂျစ်ကန်ကန် ဖေဖေ့မြေးလေးတွေကို လူရည်မွန်လူတော်လေးတွေ ဖြစ်အောင် ပြုစု ပျိုးထောင်ပေးနိုင်တဲ့သူ၊ မျောက်ရှုံးအောင် ဆော့တတ်တဲ့ မြေးလေးတွေနဲ့ မငြီးမငြူ ဆော့ပေးနိုင်မယ့်လူ မျိုးဆိုရင် တစ်ခါတစ်လေ ဖေဖေနဲ့ ဂေါက်လိုက်မရိုက်နိုင်တာကိုလည်း ဖေဖေက အမှတ်ထားနေမှာ မဟုတ်ဘူး သမီး … ။

သူ့နှလုံးသား ခေါ်ဆောင်ရာနောက်ကို အမြဲလိုက်လေ့ရှိပြီး သူ့ဦးတည်ချက်ဟာ အမြဲတမ်း သမီးဆီကိုပဲ ရောက်နေတတ် သူဆိုရင် ငွေအများကြီး မရှာနိုင်ရင်လည်း ဖေဖေက စိတ်မရှိပါဘူး။

အဲ့ဒီ့ကောင်လေးက သန်မာလား၊ ပျော့ညံ့လားဆိုတာ ဖေဖေ စိတ်မ၀င်စားဘူး သမီး..။ ဖေဖေ စိတ်ဝင်စားတာက သမီးရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ခွန်အားတွေကို အပြင်ကိုထုတ်ပြီး အသုံးချကြိုးပမ်းနိုင်အောင် ခွင့်ပြုနားလည်ပေးနိုင်လားဆိုတာ ပဲ။

READ
ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင် "ဂုဏ်ယူပါတယ်"၊ သင်ဟာ ဥာဏ်ကြီးရှင်ပါတဲ့

လက်မထပ်ခင်က သူဘယ်လို ကတိစကားတွေ ဆိုခဲ့တယ်ဆိုတာ ဖေဖေ စိတ်မ၀င်စားပါဘူး။ မနက်တိုင်း အိပ်ရာက နိုးထလာတိုင်းမှာ အဲ့ဒီ့အိမ်ရဲ့ ဂုဏ်ယူစရာ လူတစ်ယောက်အဖြစ် သူ့နှလုံးသားထဲမှာ သမီးကို တန်ဖိုးထား မြတ်နိုးပေးနေ ရင် ကျေနပ်ပြီ သမီး …။

အဲ့ဒီ့ကောင်လေးက ဖြူလား၊ မည်းလားဆိုတဲ့ အသားအရောင်တွေကို ဖေဖေတော့ ထည့်မတွက်ဘူး သမီး ..။ သမီးဘ၀ရဲ့ ပိတ်ကားပေါ်မှာ သည်းခံခြင်းတွေ၊ ပေးဆပ်အနစ်နာခံမှုတွေ၊ နူးညံ့နွေးထွေးမှုတွေနဲ့ တန်ဖိုးထားမှုတွေနဲ့ ခြယ်မှုန်းပေး နိုင်တာကိုပဲ ဖေဖေ ဂရုစိုက်တယ်။

ဘယ်လိုဘာသာမျိုး ကိုးကွယ်ပြီး ဘယ်လိုယုံကြည်မှုတွေနဲ့ ကြီးပြင်းလာသည်ဖြစ်စေ၊ ဒါမှမဟုတ် ဘာ,ဘာသာကိုမှ မယုံကြည်သူလည်း ဖြစ်ချင်ဖြစ်နေပါစေ။ လူတိုင်းကို လေးစားတန်ဖိုးထားရမယ်ဆိုတာကို နားလည်ပြီး ဘ၀ရဲ့ အချိန်အခိုက်အတန့်လေးတိုင်းကို တန်ဖိုးထားပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်တဲ့ ကောင်လေးမျိုးဆို ဖေဖေ ၀မ်းသာပါ တယ် သမီးလေးရေ …။

သမီးလေးက ဒီလိုကောင်လေးမျိုးနဲ့ တွေ့လာပြီး ဖေဖေနဲ့ တူညီတဲ့ အချက်မရှိဘူးဆိုပြီး အဆင်မပြေဖြစ်မှာ စိုးရိမ်နေမိ လား သမီးရေ ။ ဖေဖေနဲ့ အဲ့ဒီ့ကောင်လေးမှာ တူညီတာတစ်ခု ရှိနေတယ်လေကွယ်။ ဖေဖေတို့နှစ်ယောက်လုံး သမီးကို တူတူပိုင်ဆိုင်ကြတယ်လေ။ သမီးကို တူတူတန်ဖိုးထားကြတာက တူညီတဲ့အချက်ပဲပေါ့။

နောက်ဆုံးအနေနဲ့ ဖေဖေ ပြောချင်တာကတော့ လူတစ်ယောက်က ကိုယ့်ကိုစိတ်ဝင်စားနေအောင် ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်ပုံစံ ရှိခြင်းပါပဲ ချစ်သမီးလေးရေ ..။

သမီးလေးကို ထာဝရ စိတ်ဝင်စားနေမယ့် … ဖေဖေ။

SHARE