ဖုန်းကပေးတဲ့ လူမှုရေးဆိုးကျိုးများ

ဖုန်းနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကျယ်ကျယ်ပြန့်ပြန့် ဖုန်းနဲ့ရင်းနီးလာတာလည်း မကြာသေးတော့ တစ်ချို့လူငယ်တွေဟာ (လူကြီးတွေလည်း ပါပါတယ်) ဖုန်းနဲ့ပတ်သက်ပြီး လွှဲမှားစွာ အသုံးချနေကြတာကို မကြာခဏ မြင်တွေ့ရလို့ ပြောစရာတွေရှိလာခဲ့တာပါ။ အခြားနိုင်ငံတွေလည်း ဖုန်းယဉ်ကျေးမှု၊ လူမှုကွန်ယက်မီဒီယာ ယဉ်ကျေးမှု စတင်ထွန်းကားစဉ်တုန်းက ကျွန်တော်တို့လိုပဲ လူထုကြားမှာ ဖုန်းကို လွဲမှားစွာသုံးခဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ယခုထက်တိုင်လည်း ရှိနေဆဲ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ခေတ်အရ ရှောင်လွှဲလို့မရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လမ်းမှားနေတာမျိုးကို လမ်းမှန်ပြန်ရောက်ဖို့ တည့်မက်ပညာပေးရမယ့် တာဝန်ရှိသူတွေထဲမှာ မီဒီယာကလည်း ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေး ဖတ်လိုက်တာနဲု့ ဖုန်းကို လွဲမှားစွာအသုံးချမိနေသူတွေအယောက်တစ်ရာမှာ တစ်ယောက်လောက် လမ်းမှန်ပေါ်ပြန်ရောက်တယ်ဆိုရင်ကိုပဲ ရေးရကျိုး နပ်ပါ
ပြီ။

အရင်ဆုံး ဖုန်းရဲ့ကောင်းကျိုးကို ပြောချင်ပါတယ်။ ဒါကလည်း အများသိပြီးသားပါဘဲ။ သတင်းအချက်အလတ်တွေကို အချိန်တိုအတွင်းမှာ သိနိုင်တယ်။ ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေကို လေ့လာနိုင်တယ်။ အပျင်းပြေ Movie တွေ၊ သီချင်းတွေ နားထောင်နိုင်တယ်၊ ကြည့်နိုင်တယ်။ စာအုပ်တွေ လေ့လာနိုင်တယ်။ နေရာဒေသ ကွာဝေးတဲ့ သူငယ်ချင်းတွေနဲ့ စုဖွဲ့ စကားပြောနိုင်တယ်။ ဒါတွေဟာ ဖုန်းကနေ ပေးတဲ့ ဆက်စပ်ကောင်းကျိုးတွေ ဖြစ်ပါတယ်။

ဆိုးကျိုးအနေနဲ့ကတော့ ဒဲ့ပြောရရင် အချို့သောသူများဟာ ဖုန်းကို ဖွန်ကြောင်တဲ့နေရာ၊ မဟုတ်တရုတ် ဗွီဒီယိုတွေ ကြည့်တဲ့ နေရာလောက်ပဲ သုံးနေတာကို ၀မ်းနည်းစွာ မြင်တွေ့ရပါတယ်။ အနီးစပ်ဆုံး ပြောရရင် ဒီဖုန်းတွေ မပေါ်ခင်က အပျိုလူပျို ပိုးကြပန်းကြတဲ့အခါ မျက်မြင်(အချင်းချင်း တွေ့ဆုံပြီးမှ) ပိုးကြ ချစ်ကြ အိမ်ထောင်ပြုကြပါတယ်။ ဒီဖုန်းတွေ ပေါ်လာပြီး နောက်ပိုင်း ကလေးဆယ်ယောက်အဖေကလည်း လူပျိုလို့ လိမ်လို့ရသွားတယ်၊ ယောက်ျားရှိတဲ့မိန်းမကလည်း အပျိုလို့ ညာလို့ ရသွားတယ်။ ဒါကို မရှောင်နိုင်တဲ့သူတွေဟာ ငါးပါးမှောက်တော့တာပါဘဲ။ အဲဒီအိမ်ထောင်းရေးပြဿနာနဲ့ အများဆုံးရင်ဆိုင်နေရတဲ့ နိုင်ငံတွေကို စနစ်တကျ မှတ်တမ်းတင်ကြည့်ရင် မြန်မာနိုင်ငံဟာ ထိပ်ဆုံးကနေ ပါဝင်မယ်လို့ ယူဆမိပါတယ်။ ဒီဖုန်းတွေကို အသုံးပြုပြီး အချစ်ရေးကို စဉ်းစားဆင်ခြင်မှု မဲ့စွာနဲ့ ပြုလုပ်ကြခြင်းရဲ့ ရလာဒ်တွေပါဘဲ။ နောက်ဆုံး စုံတွဲအချင်းချင်း အဆင်မပြေတော့တဲ့အခါ မဟုတ်တရုတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့အောင်ဖြန့်ပြီး လူမှုအသိုင်းအ၀ိုင်းမှာ ခေါင်းမဖော်နိုင်အောင် အရှက်ခွဲကြတဲ့ ယုတ်မာသူတွေလည်း ရှိနေပါတယ်။ ဒါကလည်း လွဲမှားစွာ အသုံးချခြင်းပါဘဲ။

READ
၂၀၁၉ မှာ ထပ်ထွက်လာတော့မယ့် Emoji ဒီဇိုင်းအသစ်လေးများ

ကျွန်တော့်သူငယ်ချင်းရဲ့ ညီမလေးက ရှစ်တန်းကျောင်းသူ အရွယ်ပါဘဲ။ ဖုန်းကို နေ့မအား ညမအား ပွတ်လွန်းလို့ ကျွန်တော် သူငယ်ချင်းကို သတိပေးခဲ့ပါတယ်။ ပညာရေး အနှောက်အယှက်ဖြစ်မယ်၊ မလိုလားအပ်တဲ့ တစ်ခြားပြဿနာတွေလည်း ဖြစ်လာနိုင်တယ်။ ဖုန်းမသုံးအောင် တားပါ-လို့ ကျွန်တော်က ပြောတဲ့အခါ သူတို့က လွယ်လွယ်ပဲ ကလေးပဲ ရှိသေးတာ။ ဘာမှ မဖြစ်နိုင်ပါဘူး-ဆိုပြီး လွှတ်ထားပေးလိုက်ကြတယ်။ ရှစ်တန်းအောင်စာရင်း ထွက်တဲ့နေ့ အဲဒီကောင်မလေးလည်း စာမေးပွဲကျ၊ ယောက်ျားနောက် ကောက်ကောက်ပါအောင် လိုက်သွားတယ်။ လိုက်သွားတဲ့ ယောက်ျားရဲ့ အသက်က အသက်(၃၀) ကျော် တစ်ခုလတ်၊ တစ်မယားကွာ အရွယ်ကြီး။ မိဘတွေ ယူကြုံးမရ ငိုလိုက်ကြတာ။ ဒါဟာ ဖုန်းကို လွဲမှားစွာ အသုံးပြုခြင်းပါဘဲ။

ကျွန်တော်တို့ ဇာတိစစ်ကိုင်းတိုင်းဘက်မှာလည်း ကြားလိုက်ပါသေးတယ်။ ကောင်လေးက အသက်က (၂၀) လောက်ပေါ့။ ကောင်မလေးတစ်ယောက်နဲ့ ဖုန်းပေါ်ကနေ ချစ်ကြကြိုက်ကြတယ်။ ဒီလိုနဲ့ အလွန်အဆင်ပြေတဲ့ အခြေအနေ ရောက်တော့ ကောင်လေးက အဲဒီကောင်မလေးကို အိမ်လာလည်ဖို့ ဖိတ်ပါသတဲ့။ ကောင်လေးရဲ့ မိဘတွေကလည်း သူတို့ရဲ့သား ကောင်မလေး လာလည်မယ်ဆိုတော့ အစားကောင်းအသောက်ကောင်းတွေ ချက်၊ အိမ်နီးချုပ်စပ်ကိုလည်း ဖိတ်ထားသတဲ့။ ကတယ်လည်း ရောက်လာရော ဖုန်းထဲမှာ တင်ထာတဲ့ ပုံနဲ့ အပြင်က လက်ရှိပုံစံက နတ်သမီးနဲ့ မျောက်မ လောက်ကို ကွာခြားတယ်လို့ ဆိုပါတယ်။ အသက်ကလည်း (၄၀)လောက်ရှိနေပြီတဲ့။ အမေဖြစ်သူကလည်း ငိုလိုက်တာ သဲသဲကို လှုပ်လို့တဲ့။ နောက်ဆုံး ကာယကံရှင်အမျိုးသမီးက ဟိုတိုင်မယ် ဒီတိုင်မယ်ဆိုတော့ တောရွာတို့ထုံးစံအတိုင်း ကြောက်ပြီး သားဖြစ်သူနဲ့ ပေးစားလိုက်ရပါတယ်တဲ့။ ဒါကလည်း ဖုန်းကို လွဲမှားစွာ အသုံးပြုခြင်းရဲ့ သာဓကတစ်ခုပါဘဲ။ တကယ့် ဖြစ်ရပ်မှန်တွေပါ။ သင်ကိုယ်တိုင်လည်း မဆင်ခြင်ရင် ဒီလို ဖြစ်ရပ်မျိုး မဖြစ်ဘူးလို့ မပြောနိုင်ပါ။

READ
လွန်ခဲ့တဲ့၂၅နှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး SMS

နောက်တစ်ခုက မဟုတ်တရုတ် ဗွီဒီယိုကိစ္စပေါ့။
ကျွန်တော်တို့ဟာ ဒီကိစ္စမှာ အခုခေတ်လူငယ်တွေလောက် အတွေ့အကြုံမရှိပါဘူး။ နယ်ဘက်မှာ ကြီးပြင်းခံရသူမို့ ရွာမှာ ပိုက်ဆံနဲ့ပေးပြတဲ့ ဗွီဒီယိုမှာတောင် ဒီလို ညစ်ညမ်းဇာတ်ကားပြတဲ့အခါ ရုံပိုင်ရှင်တွေက ကလေးတွေဆို ပေးမ၀င်ပါဘူး။ ကျောင်းသားအရွယ်တွေမို့ စာရိတ္တပျက်မှာစိုးလို့နဲ့ တူပါတယ်။ အပြင်ကို ဖွင့်ထားတဲ့ အသံက တစ်သံ၊ ရုံထဲမှာ ပြနေတဲ့ ဇာတ်ကားအသံက တစ်သံပေါ့။ ကျွန်တော်တို့ ဆယ်တန်းအောင်သည်အထိ မကြည့်ခဲ့ရပါ။ အခုတော့ လေးငါးခြောက်တန်း ကောင်လေးတွေ လက်ထဲမှာ ဖုန်းတွေ ရောက်ကုန်ပြီ။ ဒီလိုဇာတ်ကားကို ၀ါသနာတူတွေဆီကနေ တစ်ဆင့် ပေါပေါများများ ရနိုင်ပြီ။ ဒီလို လက်တောက်လောက် အရွယ်လေးတွေ မဟုတ်မဟတ်ကိစ္စတွေမှာ ကျွန်တော်တို့ထက် ပိုသိကြပါတယ်။ ဟို ပြီးခဲ့တဲ့နှစ်မှာတောင် ရှစ်တန်းကျောင်းသူအရွယ် ကောင်မလေးတွေ ငါးယောက်လောက် ဒီလိုမဟုတ်မဟက် ဇာတ်ကားစုပြီး ကြည့်နေတာကို ကျွန်တော်ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ ဓလေ့ကြီး ကျွန်တော်တို့ သားသမီးတွေလက်ထဲကို ရောက်နေပါပြီ။ မိဘတွေမှာလည်း တာဝန်ရှိပါတယ်။ သားသမီးတွေကလည်း အသိဉာဏ်နဲ့ ဆင်ခြင်ဖို့ လိုပါတယ်။ ဆရာဆရာမတွေကလည်း ခေတ်ရေစီးပဲဆိုပြီး လွှတ်ထားဖို့ မသင့်ပါ။ အစ်ကိုအစ်မတွေကလည်း မောင်ညီမတွေကို ထိန်းသိမ်းပေးရပါမယ်။ ဘယ်လိုအသုံးချရမလဲဆိုတာကိုလည်း သင်ပြပေးရပါမယ်။ ဒါမှလည်း အသိပညာနဲ့ရှင်သန်ကြီးထွားလာတဲ့ လူတော်လူတတ်ကလေးတွေ ဖြစ်လာမှာပါ။ ဒီနေ့ကစပြီး ဖုန်းနဲ့ လူမှု ကွန်ယက်မီဒီယာတွေကို အသိဉာဏ်ရှိရှိ အသုံးချသွားကြပါစို့လို့ … တိုက်တွန်းချင်ပါတယ်။

နတ်စည်တော် (Shwemom)

sm

SHARE