Golden Retriever အမျိုးအစား ခွေးလေးတစ်ကောင်ဟာ ၁၄ရက်တိုင်တိုင် မိုင်ပေါင်း၆၂မိုင်ကျော်ထိ ခရီးနှင်ကာ သခင်တွေကိုရှာဖွေခဲ့ကြောင်း Metro သတင်းစာမျက်နှာအရ သိရပါတယ်။ ခွေးလေးရဲ့အမည်ကတော့ Ping An ဖြစ်ပါတယ်။ Ping An ဟာ Qidong မြို့မှာ သခင်တွေနဲ့အတူတူနေထိုင်ပါတယ်။ တစ်နေ့တော့ အိမ်ပြင်ဖို့ရှိတာနဲ့ သူ့သခင်တွေက Ping An ကို Nantong မြို့က အသိမိတ်ဆွေအိမ်တစ်အိမ်မှာ ခဏသွားထားခဲ့ပါတယ်။ အဲ့ဒီနေရာက Ping An နေတဲ့သခင်အိမ်ကနေဆို ၂နာရီကျော်ကြာလောက်ကားမောင်းရပါတယ်။

လေးလလောက်ကြာတော့ Ping An ဟာ ဧည့်သည်အိမ်ကနေ ရုတ်တရက်ပျောက်သွားပါတယ်။ နှစ်ပတ်လောက်အကြာမှာတော့ Ping An ကို Qidong မြို့ပြင်တစ်နေရာမှာ အလုပ်သမားတစ်စုက သွားတွေ့ပါတယ်။ Ping An ဟာ ကိုယ်အလေးချိန်အများကြီးကျသွားတဲ့အပြင် ဖဝါးတွေမှာလည်း ဒဏ်ရာတွေရနေပါတယ်။

Ping An ကိုကယ်တင်ပေးခဲ့တဲ့သူတွေကတော့ သခင်ကိုရှာမတွေ့တဲ့အတွက် ခွေးလေးကြည့်ရတာ စိတ်အားငယ်နေတဲ့ပုံပေါ်တယ်လို့ ပြောပြကြပါတယ်။ သူတို့ကပဲ ဆိုရှယ်မီဒီယာ app တစ်ခုဖြစ်တဲ့ WeChat ကနေ Ping An ရဲ့ ဓာတ်ပုံတွေရှဲပြီး သူ့သခင်တွေကိုရှာဖွေပေးခဲ့ပါတယ်။ ကံကောင်းချင်တော့ Ping An ရဲ့ဓာတ်ပုံတွေကို နောက်ဆုံးမှာ သူ့သခင်တွေတွေ့သွားခဲ့ပြီး ခွေးလေးကိုချက်ချင်းပဲလာခေါ်ခဲ့ကြပါတယ်။
သခင်မိသားစုနဲ့ပေါင်းဆုံရတဲ့ ဗီဒီယိုလေးမှာတော့ Ping An ကို သူ့မိသားစုကနေပြီး ခေါင်းကိုပွတ်သပ်ပေးနေတာ၊ ပွေ့ဖက်နေတာတွေ တွေ့ရပါတယ်။ “Ping An သမီးတော်တော်ကြိုးစားလာခဲ့တာပဲ။ အခုကစပြီး အိမ်မှာပဲနေတော့နော်။ သမီးကို ဘယ်မှမပို့တော့ဘူး။” လို့ မိသားစုဝင်တစ်ဦးက ပြောခဲ့ပါသေးတယ်။ Ping An ရရှိထားတဲ့ ဒဏ်ရာတွေကိုတော့ တိရစ္ဆာန်ဆရာဝန်ဆီသွားပြခဲ့ပြီး အခုဆိုရင်တော့ Ping An လေးဟာ ဒဏ်ရာတွေကနေ သက်သာနေပြီလို့လည်း သိရပါတယ်။

ShweMom