ယခုကမ္ဘာ့ဖလားအတွက် သိကိုသိထားရမယ့် အချိန်အခါကောင်းများ

တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ (၂၀၁၈) ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ဇွန်လ(၁၄)ရက်နေ့မှာ စတင်တော့မှာပါ။ ပြိုင်ပွဲရဲ့ ပထမဦးဆုံးပွဲစဉ်အဖြစ် အိမ်ရှင်ရုရှားအသင်းနဲ့ ဆော်ဒီအာရေဗီးယားအသင်းတို့ဟာ မော်စကိုမြို့ကို Luzhniki အားကစားကွင်းကြီးထဲ မြန်မာစံတော်ချိန် ည(၉း၃၀)မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မစခင်မှာတော့ နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးတွေရဲ့ ထုံးစံအတိုင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပဖို့ ရှိနေပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ မြန်မာစံတော်ချိန် ည(၇း၃၀)ခွဲမှာ စတင်ကျင်းပသွားမှာပါ။

ဖွင့်ပွဲအခမ်းအနား ကျင်းပနေချိန်နဲ့ တပြေးညီ မော်စကိုမြို့ရဲ့ အထင်ကရ Red Square မှာလည်း ဖျော်ဖြေပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။ ရုပ်သံကြည့်ပရိသတ်တွေအတွက်တော့ Luzhniki ကွင်းထဲက အခမ်းအနားတွေနဲ့ Red Square က ဖျော်ဖြေပွဲကို အလျင်းသင့်သလို ကြည့်ရမယ့်ပုံစံမျိုးပါ။ ဖွင့်ပွဲအခမ်းအနားမှာတော့ အကနဲ့ ကျွမ်းဘားမောင်မယ် (၅၀၀)ကျော်က ရုရှားရဲ့ ရိုးရာယဉ်ကျေးမှုကို တင်ဆက်ပြသမယ့် ဖျော်ဖြေမှုတွေပြုလုပ်သွားမှာဖြစ်သလို ရင်သပ်ရှုမောဖွယ်ရာ မီးရှုး၊မီးပန်း ပစ်ဖောက်မှုတွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

Credit to wikipedia

(၂၀၁၄)ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာတော့ ကမ္ဘာကျော်အဆိုတော် Jennifer Lopez နဲ့ Pitbull တို့ ဖျော်ဖြေခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အဓိကဖျော်ဖြေမယ့် အဆိုတော်ကိုတော့ သတင်းထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်အထိတော့ အီတလီ အော်ပရာအဆိုတော် Placido Domingo၊ Luciano Pavarotti ၊ José Carreras ၊ ရုရှားအနုပညာရှင်တွေဖြစ်တဲ့ စန္ဒရားဆရာ Denis Matsuev၊ အော်ပရာအဆို တော်တွေဖြစ်တဲ့ Anna Netrebko၊ Yusif Eivazov တို့အပါဝင် အခြားရုရှားပြည်တွင်း အနုပညာရှင်အများအပြား ပါဝင်သွားမယ်လို့ သိရပါတယ်။

(၂၀၁၈)ပြိုင်ပွဲရဲ့ တရားဝင် အထိမ်းအမှတ်သီချင်းကတော့ “Live It Up” ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ မြန်မာပရိသတ်အကြိုက် ရုပ်ရှင်မင်းသား Will Smith ၊ အဆိုတော် Nicky Jam နဲ့ ကိုဆိုဗို-အယ်လ်ဘေးနီးယားကပြား အဆိုတော် Era Istrefi တို့က သီဆိုထားတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားတွေရဲ့ အစဉ်အလာအရတော့ ပြိုင်ပွဲ အထိမ်းအမှတ်သီချင်းကို ဖွင့်ပွဲမှာ အမြဲလိုလို သီဆိုဖျော်ဖြေလေ့ရှိတာကြောင့် ဒီတစ်ကြိမ်မှာလည်း Will Smith တို့ တစ်သိုက်ရဲ့ ဖျော်ဖြေမှုကို ပရိသတ်တွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဖွင့်ပွဲအခမ်းအနားပြီးရင်တော့ ကမ္ဘာ့ဖလားရဲ့ အဖွင့်ပွဲပါ။

READ
ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လျှော့တွက်ခံရတဲ့ အသင်းတွေက မီးခဲပြာဖုံးသူရဲကောင်းများ

ကမ္ဘာ့ဖလားရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာတည်းက ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်မယ့် ပွဲစဉ်တွေ ပါဝင်နေပါတယ်။ (၁၅.၆.၂၀၁၈)ရဲ့ ညနေ(၆း၃၀)မှာ ကစားမယ့် အီဂျစ်နဲ့ ဥရုဂွေးတို့ရဲ့ ပွဲစဉ်ကတော့ ပွဲကြီးပွဲကောင်း ဖြစ်လာဖို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။ ဆာလာ ဦးဆောင်လာမယ့် အီဂျစ်အသင်းနဲ့ ဆွာရက်ဇ်၊ ကာဗာနီတို့လို ထိပ်တန်းတိုက်စစ်မှူးတွေ ပါဝင်လာမယ့် ဥရုဂွေးအသင်းတို့ရဲ့ အားပြိုင်မှုဟာ ဒီနှစ်သင်းရဲ့ အုပ်စုအဆင့်ကနေ လွန်မြောက်နိုင်ရေးအတွက် အရေးပါလာမှာပါ။

(၁၅.၆.၂၀၁၉)ရဲ့ ညသန်းခေါင်ကျော် (၁၂း၃၀)မှာ ယှဉ်ပြိုင်မယ့် ပေါ်တူဂီနဲ့ စပိန်ပွဲကတော့ ပရိသတ်တွေအကြိုက်ဖြစ်လာဖို့ ရှိနေပါတယ်။ (၂၀၁၆)ယူရိုချန်ပီယံ ပေါ်တူဂီနဲ့  (၂၀၁၀)ကမ္ဘာ့ဖလားချန်ပီယံစပိန်တို့ရဲ့ ပွဲစဉ်ဟာ ဘယ်လိုရလဒ်ထွက်မလည်း စိတ်ဝင်စားဖို့ ကောင်းလွန်းသလို စပိန်မြေမှာ ရီးရဲလ်နဲ့အတူ အောင်ပွဲအလီလီ ရယူခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ကလပ်အသင်းဖော်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရပါတော့မယ်။

(၁၇.၆.၂၀၁၉) ည(၉း၃၀)မှာ ယှဉ်ပြိုင်မယ့် ဂျာမနီနဲ့ မက္ကဆီကိုတို့ရဲ့ ပွဲကလည်း ချန်ပီယံဂျာမနီ လုံးဝပေါ့ဆလို့ မရတဲ့ ပွဲစဉ်တစ်ပွဲပါ။ မြောက်အမေရိကတိုက် ကိုယ်စားပြုယှဉ်ပြိုင်မယ့် မက္ကဆီကိုအသင်းဟာ နာမည်ကြီး ကစားသမားတွေ သိပ်မပါဝင်ပေမယ့် အသင်းလိုက် စုစည်းမှုအားကောင်းပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်လေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ယိမ်းယိုင်နေတဲ့ ဂျာမနီရဲ့ခြေစွမ်းကို အကောင်းဆုံး မှတ်ကျောက်အတင်ခံမယ့် ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပြီး မထင်မှတ်တဲ့ ရလဒ်တွေကိုလည်း မျှော်လင့်နိုင်ပါတယ်။

READ
၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းကို အားပေးမှာလဲ??

(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတော့ အုပ်စုအဆင့်မှာ နိုင်ဂျီးရီယား(၂-၃)အာဂျင်တီးနားပွဲစဉ်ကို ဘောလုံးချစ်သူတွေ မှတ်မိဦးမှာပါ။ အာဖရိကကိုယ်စားပြု နိုင်ဂျီးရီးယားနဲ့ တောင်အမေရိကကိုယ်စားပြု အာဂျင်တီးနားတို့ဟာ အစဉ်အလာချင်း ကွာခြားလွန်းပေမယ့် ဘောလုံးကွင်းထဲမှာ သူတင်ကိုယ်တင် ယှဉ်ပြိုင်တဲ့အခါတိုင်း သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ် (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာလည်း နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ရဲ့ တွေ့ဆုံမယ့်ပွဲ ပါဝင်နေပြန်ပါပြီ။ ဒီနှစ်သင်းပါဝင်တဲ့ အုပ်စု(D)ဟာ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကျပ်တည်းဆုံး အုပ်စုအဖြစ် သတ်မှတ်ထားတာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ပွဲစဉ်ဟာ နောက်တစ်ဆင့်တက်ရေးအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်မယ့် ပွဲစဉ်ပါ။

ရှုံးထွက်အဆင့် ပွဲစဉ်တွေကိုတော့ (၃၀.၆.၂၀၁၈)ကနေ စတင်ပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရှုံးထွက်(၁၆)သင်း အဆင့်ကို (၃၀.၆.၂၀၁၈)ကနေ (၄.၇.၂၀၁၈)အထိ၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ (၆.၇.၂၀၁၈) ကနေ (၈.၇.၂၀၁၈)အထိ၊ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ (၁၁.၇.၂၀၁၈)နဲ့ (၁၂.၇.၂၀၁၈)၊ တတိတယလုပွဲကိုတော့ (၁၄.၇.၂၀၁၈)နဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ (၁၅.၇.၂၀၁၈)တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဖိုင်နယ်ပွဲစဉ်ကို အဖွင့်ပွဲကစားထားတဲ့ Luzhniki ကွင်းထဲမှာပဲ (၁၅.၇.၂၀၁၈) မြန်မာစံတော်ချိန် ည(၉း၃၀)မှာ ယှဉ်ပြိုင်သွားမှာပါ။ ထုံးစံအတိုင်းပွဲ ဖိုင်နယ်ပွဲမတိုင်ခင် (၂)နာရီအလိုတည်းက ပိတ်ပွဲအခမ်းအနားကိုလည်း ကြည့်ရှု ခံစားရဦးမှာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မကြာခင်မှာ ရောက်ရှိလာတော့မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ လက်လွတ်မခံသင့်တဲ့ အခိုက်အတန့်တွေကို အပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်။

SHARE