အရက်သောက်တယ်ဆိုတာ ကောင်းတယ် မကောင်းဘူး အစရှိသဖြင့် လူတော်တော်များများက အခုထိငြင်းခုန်နေကြဆဲပါ။ တစ်ချို့ကြတော့လဲ အရက်သောက်ကောင်းအောင် ကိုယ်လိုရာဘက်ဆွဲတွေးသလို တစ်ချို့ကြတော့လဲ အရက်သောက်တာ အသည်းခြောက်တယ်၊ ကျန်းမာရေးမကောင်းဘူး အစရှိသဖြင့် ပြောတတ်ကြပါတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် တကယ်တမ်းတော့ အရက်သောက်တယ်ဆိုတာ တစ်နေ့ကို ခွက်သေးတစ်ခွက်စာ ပုံမှန်သောက်သွားမယ်ဆိုရင် ကျန်းမာရေးအထူးကောင်းမွန်တဲ့အပြင် အသက် ၉၀ အထိပါနေနိုင်ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလိုပြောနိုင်တယ်ဆိုတာလဲ တစ်ခြားကြောင့် မဟုတ်ပါဘူး။ နယ်သာလန်နိုင်ငံ၊ Maastricht University Medical Centre ရှိ သိပ္ပံပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အပေါ် အခြေခံပြီး လူတစ်ယောက်ဟာ တစ်နေ့ကို ခွက်သေးတစ်ခွက်စာ အရက်သောက်ပါက အသက် ၉၀ အထိနေနိုင်ကြောင်း သိရှိလာရတာပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ၁၉၁၆ ခုနှစ်မှ ၁၉၁၇ ခုနှစ်ကြား မွေးဖွားခဲ့တဲ့သူ အယောက် ၅၀၀၀ ကို စစ်တမ်းကောက်ကြည့်ခဲ့ရာမှ အခုလိုသိရှိခဲ့တာပဲ ဖြစ်ပါတယ်။

“ ၁၉၈၆ခုနှစ် သူတို့ အသက် ၆၀ နားဝန်းကျင်မှ စပြီး ကျွန်တော်တို့ စစ်တမ်းစကောက်ခဲ့ဖြစ်တာပါ။ အဲဒီအထဲမှာ အချို့အဖိုးအဖွားတွေက တစ်နေ့ကို ခွက်သေးတစ်ခွက်စာ ပုံမှန်အရက်သောက်ဖြစ်ကြတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ အဓိကထားပြီး စောင့်ကြည့်ဖြစ်ကြတယ်။ အခြား အရက်အလွန်အကျွံသောက်လေ့ရှိတဲ့လူတွေနဲ့ အရက်မသောက်တဲ့သူတွေကတော့ အသက် ၉၀ မတိုင်ခင်မှာပဲ သေဆုံးသွားကြပြီး တစ်နေ့ အရက်ခွက်သေးတစ်ခွက် ပုံမှန်သောက်သုံးတဲ့သူတွေကတော့ အသက် ၉၀ကျော်အထိ ကျန်းကျန်းမာမာနေထိုင်သွားနိုင်တာ ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်” လို့ သုတေသနပညာရှင်အဖွဲ့ခေါင်းဆောင် Dr. Piet A .van den Brandt က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw