အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Energizer Holdings ကနေ ကမ္ဘာ့အထူဆုံး စမတ်ဖုန်းလို့ ပြောလို့ရမယ့် Energizer Power Max P18K Pop ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။ ဖုန်းရဲ့ အထူဟာ သာမန်တွေ့နေကျ စမတ်ဖုန်း သုံးလုံး ဆင့်ထားသလောက်ကို ထူတာပါ။

ဖုန်းအထူရဲ့ လျှို့ဝှက်ချက်ကတော့ အားကောင်းလွန်းတဲ့ ဘက်ထရီပါရှိမှုဖြစ်ပါတယ်။ 18,000 mAh အားရှိတဲ့ ဘက်ထရီဟာ ၁၈ မီလီမီတာ အထူတောင် ရှိပါတယ်။ ဗီဒီယိုတွေကို ၄၈ နာရီ ဆက်တိုက်ကြည့်လို့ရပြီး ဘာမှမသုံးဘဲ ထားရင် ရက် ၅၀ အထိ ဘက်ထရီ တာရှည်ခံပါတယ်။

ဒီ Power Max P18K Pop ဖုန်းကိုတော့ ယခုတစ်ပတ်အတွင်း စပိန်နိုင်ငံမှာ ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ Mobile World Congress စမတ်ဖုန်းပြပွဲကြီးမှာ စတင်မိတ်ဆက်ခဲ့တာပါ။ iPhone XS ရဲ့ ဘက်ထရီတောင် 2,658 mAh ပဲ ရှိတဲ့အတွက် Power Max P18K Pop က 18,000 mAh နဲ့ ၅ ဆခွဲကျော်တောင် ပိုအားကောင်းတဲ့ ဘက်ထရီကို ထည့်သွင်းထားတာပါ။

“စမတ်ဖုန်းသမိုင်းမှာ အားအကောင်းဆုံး ဘက်ထရီနဲ့ ဖုန်းဖြစ်ပါတယ်။ အားတစ်ခါသွင်းထားရုံနဲ့ ဖုန်းကို ဆက်တိုက်ပြောမယ်ဆိုရင် နာရီ ၉၀ အထိ ရမယ်၊ သီချင်းချည်းပဲ ဆက်တိုက်နားထောင်မယ်ဆိုရင် နာရီ ၁၀၀ အထိရမှာဖြစ်ပြီး ဗီဒီယိုချည်းပဲ ဆက်တိုက်ကြည့်မယ်ဆိုရင် ၄၈ နာရီတာရှည်ခံမယ့် ဖုန်းဖြစ်ပါတယ်” လို့ Energizer က မိတ်ဆက်ပေးခဲ့ပါတယ်။

အသုံးမပြုဘဲ ထားမယ်ဆိုရင် ရက် ၅၀ တောင် အထားခံမယ့် ဒီဖုန်းဟာ ဖုန်းအားသွင်းရာမှာလည်း မြန်မြန်အားပြည့်စေမယ့် fast charge function နဲ့ အားသွင်းနိုင်ပါတယ်။ Pop-up အမျိုးအစား ရှေ့ကင်မရာမှာ ကင်မရာ ၂ ခုပါပြီး တစ်ခုက 16 megapixels ၊ တစ်ခုက 2 megapixels ရှိပါတယ်။ နောက်ကင်မရာမှာ ၃ ခုပါပြီး 12 megapixels, 5 megapixels နဲ့ 2 megapixels စီဖြစ်ပါတယ်။

Screen ဆိုဒ်က ၆.၂ လက်မ ရှိပြီး 1080p HD Resolution ပါ။ RAM က 6 GB ဖြစ်ပြီး internal storage က 128 GB ပါ။ Android OS ကတော့ Android Pie ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ အားနည်းချက်ကတော့ အိတ်ကပ်ထဲ ဖုန်းထည့်လို့ မရခြင်းပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၈၃ ဖြစ်ပြီး ၂၀၁၉ ဇွန်လမှာ ဈေးကွက်ထဲ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။
Ref: Dailymail