ဂရစ်ဇ်မန်း ။ ။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့ရတဲ့အပေါ် စိတ်ပျက်နေပြီး သူ့အနေနဲ့ ဆုဖလားတွေအပေါ် လက်လျော့လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တယ်လို့ ဂရစ်ဇ်မန်းနဲ့ ရင်းနှီးတဲ့သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ ပြင်သစ်အသင်းနဲ့အတူ (၂၀၁၈) ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ဘလွန်းဒီအောဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ မိုဒရစ်နဲ့ ရော်နယ်ဒိုတို့ရဲ့နောက် တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့တာပါ။ ဂရစ်ဇ်မန်းရဲ့ ပရိသတ်တွေကလည်း ဒီဆုရွေးချယ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြသလို မိုဒရစ်ဟာ ဒီဆုနဲ့ ထိုက်တန်ခြင်းမရှိဘူးလို့လည်း ဝေဖန်နေကြပါတယ်။
မော်ရင်ဟို ။ ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ရာသီကုန်ဆုံးချိန်မှာ မန်ယူအသင်းအဆင့်(၄)အတွင်း ၀င်ခဲ့ရင် ကံကောင်းလွန်းတာကြောင့်ပဲလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟို က မန်ယူကစားသမားတွေရဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ အဆင့်(၄)အတွင်းတောင် မ၀င်နိုင်ဘူးလို့ ယုံကြည်နေပြီး မန်ယူအတွက် ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ အဆင့်(၄)နေရာက အာဆင်နယ်အသင်းနဲ့ (၈) မှတ်အထိ ကွာဟနေပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၇) မှာ ရပ်တည်နေပါတယ်။

ပီရက်ဇ် ။ ။ ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်က ရီးယဲလ်ကစားသမား မိုဒရစ်အနေနဲ့ ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်းနဲ့ ရီးယဲလ်ကစားသမားတွေဟာ ဒီဆုနဲ့ ပတ်သက်လာရင် ကံကောင်းကြကြောင်း ပြောဆိုလိုက်ပါတယ်။ မိုဒရစ်ဟာ ရီးယဲလ်အသင်းရဲ့ ဘလွန်းဒီအောဆု ဆွတ်ခူးနိုင်တဲ့ (၁၀) ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ပီရက်ဇ်က ရီးယဲလ်အသင်းရဲ့ အနာဂတ်မှာလည်း ဘလွန်းဒီအောဆုရှင်တွေ အများကြီး ထွက်ပေါ်လာလိမ့်ဦးမယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
အိုဇေးလ် ။ ။ နောက်ကျောဒဏ်ရာကြောင့် စပါးအသင်းနဲ့ပွဲကို လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်ဟာ မန်ယူအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ အခြေအနေမှာရှိနေပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက အိုဇေးလ်ဟာ လေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်နေဆဲဖြစ်ပြီး မန်ယူနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။လက်ရှိအခြေအနေအရတော့ အိုဇေးလ်မပါဘူးဆိုရင်တောင် အာဆင်နယ်ကွင်းလယ်က အကောင်းဆုံး ပုံစံမှာရှိနေပြီး မန်ယူအသင်းကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောရမှာပါ။

ကလော့ပ် ။ ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က လီဗာပူးလ်-အဲဗာတန်ပွဲမှာ ကွင်းအတွင်းဝင်ပြီး အောင်ပွဲခံခဲ့တဲ့ ဂျာဂန်ကလော့ပ်ဟာ စည်းကမ်းမရှိသူတစ်ယောက်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ဂွာဒီယိုလာက နည်းပြတစ်ယောက်အနေနဲ့ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို သိရှိထားဖို့ လိုအပ်ပြီး သိရက်နဲ့ချိုးဖောက်သူတွေကိုလည်း စည်းကမ်းချက်တွေအတိုင်းအရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ လအတွင်းက မန်စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအပေါ် အရေးယူဖို့ တိုက်တွန်းခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ဂွာဒီယိုလာက ပြန်လည်လက်စားချေလိုက်တာဖြစ်ပါတယ်။

ချယ်လ်ဆီး ။ ။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကို တစ်ပတ်လုပ်ခ ပေါင် (၁၅၀၀၀၀)နဲ့ (၄)နှစ်သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။ အက်ဇ်ပီလီကွီတာဟာ (၂၀၁၂) ဘောလုံးရာသီကတည်းက မာဆေးလ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးအဖြစ် ရပ်တည်နေသူပါ။ ချယ်လ်ဆီးရဲ့ စွယ်စုံရနောက်ခံလူဟာ စာချုပ်သစ်ကြောင့် အသင်းမှာ (၂၀၂၂) ရာသီကုန်ဆုံးချိန်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။
Linn
Source : Mirror , Goal , TheSun