အရုပ်စာလို့တောင် ကျွန်တော်တို့တွေ တော်တော်များများတင်စားနေကြတဲ့ emoji လေးတွေဟာ နေ့စဉ်ဆက်သွယ်မှုပြုတဲ့အခါ မပါမဖြစ်ကောင်လေးတွေပေါ့။ နောက်ပြီး ကျွန်တော်အပါအဝင် တော်တော်များများရဲ့ခံစားချက်ကလည်း message ပို့တဲ့အခါ စိတ်ခံစားချက်ကို ပိုမိုပေါ်လွင်စေဖို့အတွက် သက်ဆိုင်ရာ emoji လေးတွေ သုံးပေးမှ ပြည့်စုံတယ်လို့ ခံစားရတယ်မဟုတ်လား။
Emoji အကြောင်း နှံ့နှံ့စပ်စပ်သိတဲ့လူတွေဆိုရင် “🍑” နဲ့ “🍆” ဒီ emoji နှစ်ခုက ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်ကြရဲ့လား။ Peach (မက်မွန်သီး) နဲ့ Eggplant (ခရမ်းသီး) ဆိုတာဟာ ယနေ့ခေတ်လူမှုကွန်ယက်က လူငယ်တွေရဲ့ လက်စွဲတော် emoji တွေပါပဲ။ ဘယ်နေရာမှာသုံးလဲဆိုတော့ အမျိုးသမီးတင်သားကို ကိုယ်စားပြုဖို့အတွက် မက်မွန်သီး emoji ကို သုံးလေ့ရှိပြီး ခရမ်းသီး emoji ကိုတော့ မပြောပြလည်း သိလောက်မှာပါ။

ဒီနှစ်အတွင်း Facebook နဲ့ Instagram တို့ဟာ အဖော်အချွတ်ပုံတွေ၊ လိင်စိတ်တက်ကြွစေတဲ့စာနဲ့ပုံတွေ၊ အမုန်းစကားပြန့်ပွားရေးတွေအတွက် ထိထိရောက်ရောက်အရေးယူလာခဲ့ကြပါတယ်။ Post ဖျက်တာတွေ၊ post တင်ခွင့်ယာယီပိတ်တာနဲ့ account ပိတ်သိမ်းတာတွေအထိပေါ့။ ဒါပေမဲ့ user တွေက Community Standard နဲ့ပတ်သက်ပြီး လက်တစ်လုံးကြားလုပ်ကာ လွတ်ကျွတ်အောင် ပုံတွေတင်နေတုန်းပါပဲ။

ဥပမာ Instagram မှာဆိုရင် Nipple Rules ဆိုတဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။ အမျိုးသမီးတွေရဲ့ သားမြက်ပုံကို တင်ရင် ပုံအဖြုတ်ခံရတာမျိုးပါ။ ဒါကို သိတဲ့ user တွေတော်တော်များများက ဘွင်းဘွင်းရှင်းရှင်းရိုက်ထားခဲ့ကြတဲ့ ဓာတ်ပုံတွေထဲ nipple နားကို emoji လေးတွေအုပ်အုပ်ပြီး တင်တာမျိုးပေါ့။ ဒါကို လူမှုကွန်ယက်အဖွဲ့စည်းတွေဖက်က filter နဲ့စစ်ချလိုက်ပြီး စစ်ဆေးမယ်ဆိုရင် သူချမှတ်ထားတဲ့စည်းမျဉ်းထဲမဝင်တော့တဲ့အတွက်ကြောင့် သိမှာမဟုတ်ပါဘူး။ ဒါကြောင့် အခုလိုပုံတွေဟာ Instagram ပေါ်မှာ အထူးသဖြင့် အတင်များနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Auqaman မင်းသမီး Amber Heard တောင်မှ Instagram ကို တလောကပဲ ပေါက်ကွဲခဲ့သေးတယ်မဟုတ်လား။


တစ်နေ့တစ်ခြားပိုပိုဆိုးလာတဲ့ user တွေကြောင့် အခုဆိုရင်တော့ Facebook နဲ့ Instagram ဟာ စည်းကမ်းတစ်ခုကို ချမှတ်ခဲ့ပါတော့တယ်။ အဲဒါကတော့ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း “🍑” နဲ့ “🍆” emoji နှစ်ခုကို လိင်စိတ်ဖော်ပြရာမှာအသုံးပြုမယ်ဆိုရင် အရေးယူပါတော့မယ်တဲ့။ Instagram အနေနဲ့တော့ ခရမ်းသီး emoji ကို ban ဖို့ကြိုးစားခဲ့တာ ဒါပထမဆုံးအကြိမ်ဟုတ်တော့ပါဘူး။ ၂၀၁၅ ခုနှစ်တုန်းကလည်း ban ဖို့ ကြံစည်ခဲ့ပေမယ့်လို့ မအောင်မြင်ဘဲရှိခဲ့တာပါ။ ဘယ်လိုပုံမျိုးမှာ ban မယ်၊ ဘယ်တော့တရားဝင်စဖြစ်မယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ Daily Mail မှ ဖော်ပြထားပါတယ်။
Penny