Finland နိုင်ငံရဲ့တစ်နေရာမှာတော့ ရာနဲ့ချီတဲ့ ပန်းပုလက်ရာတွေဟာ အုံ့မှိုင်းနေတဲ့ သစ်တောကြားထဲ ငြိမ်သက်စွာလဲလျောင်းနေခဲ့ပါတယ်။ ဆယ်စုနှစ်များစွာကြာသည့်တိုင်အောင် ဒီပန်းပုလက်ရာတွေရှိလို့ ရှိမှန်း ဘယ်သူမှသိပုံမပေါ်ပါဘူး။
အစိမ်းရောင်ရေညှိတွေဖုံးလွှမ်းပြီး အမျိုးမျိုးသော အသက်၊ အရွယ်အစား၊ ပုံသဏ္ဍာန်တွေနဲ့ လူရုပ်ထုတွေကို တွေ့ပါတယ်။ ဒီရုပ်ထုတွေရဲ့ ဖန်တီးရှင်ကတော့ သစ်တောအနီးအနားရှိ မြို့ငယ်လေးမှာနေထိုင်သူပါ။ သို့ပေမယ့် ဒီရုပ်ထုတွေကို သစ်တောတစ်နေရာမှာ ဖန်တီးသွားတယ်ဆိုတာကတော့ သူသေဆုံးသွားတဲ့အထိ ဘယ်သူမှ မသိခဲ့ပါဘူး။

သူ့နာမည်ဟာ Veijo Rönkkönen ဖြစ်ပြီး သာမန်စက်ရုံလုပ်သားတစ်ဦးပါ။ စက္ကူစက်ရုံမှာ (၁၆) နှစ်အရွယ်စလို့ (၄၁) နှစ်ကြာအောင် အလုပ်လုပ်သွားခဲ့ပြီး (၂၀၁၀) မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ တစ်သက်လုံးနေသွားခဲ့တဲ့ မြို့မှလူတွေတောင် သူ့ကို သာမန်စက်ရုံလုပ်သားပဲ ထင်ခဲ့ကြပါတယ်။ မနက်ဆိုစက်ရုံသွား၊ ညနေဆို သူ့ရဲ့ အိမ်ရှိတဲ့မွေးမြူရေးခြံလေးဆီကို တစိုက်မတ်မတ် ပြန်လာတတ်ပြီး အိမ်အတွက် အသုံးလိုတဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေ ဝယ်တာကလွဲပြီး အခြားဘယ်နေရာမှလည်း သွားတယ်ရယ်လို့လည်းမရှိပါဘူး။

Veijo Rönkkönen ဟာ သူ့ရဲ့ခြံနဲ့ဆက်စပ်နေတဲ့ သစ်တောထဲမှာ အားလပ်ချိန်တိုင်းလိုလိုကို ကုန်ဆုံးနေခဲ့တယ်ဆိုတာ သူကလွဲပြီး ဘယ်သူမှမသိခဲ့ပါဘူး။ မြို့ရဲ့ အရှေ့မီနောက်မီသက်ကြီးတစ်ဦးကတော့ Veijo Rönkkönen က သူ့ရဲ့ပထမဦးဆုံးရခဲ့တဲ့ လစာလေးနဲ့ ပန်းသီးစေ့တွေနဲ့ ကွန်ကရစ်တစ်အိတ်ကို ဝယ်သွားခဲ့တယ်လို့ဆိုပါတယ်။
ခန့်မှန်းချေအရတော့ အဲဒီအချိန်ကတည်းကစပြီး ပန်းပုရုပ်ထုတွေကို စတင်ပြုလုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ပန်းပုရုပ်တွေထဲ မိသားစုလိုက်ရုပ်ထုအစုလိုက်လေးတွေကို တွေ့ရမှာဖြစ်သလို အဝတ်မရှိဘဲ ယောဂကစားနေဟန်ရှိတဲ့ ရုပ်ထုတစ်ရာလောက်ကိုလည်း တွေ့ရမှာပါ။ Veijo Rönkkönen ရဲ့ ပန်းပုပညာပြီး နောက်ထပ်စိတ်ဝင်တစားလုပ်လေ့ရှိတဲ့ ဝါသနာတစ်ခုကတော့ ယောဂကစားတာပါပဲ။

အခုအခါမှာတော့ Veijo Rönkkönen ရဲ့ ပန်းပုလက်ရာတွေရာနဲ့ချီရှိနေတဲ့ နေရာကြီးကို Veijo Rönkkönen Sculpture Garden လို့ လူသိများကာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ တစ်နှစ် ခရီးသည်ပေါင်း (၂၅၀၀၀) ထက်မနည်း ဒီဥယျာဥကိုလာလေ့ရှိပါတယ်။ ပန်းပုလက်ရာတွေကို ခံစားဖို့သာမကဘဲ စိမ်းစိမ်းစိုစိုနဲ့ အုံ့မှိုင်းနေတဲ့ သစ်တောပတ်ဝန်းကျင်ကြောင့် မြို့ပြမှ ခဏတာထွက်ပြေးချင်တဲ့လူများဖို့ အဓိကဦးစားပေးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ထူးဆန်းတာကတော့ ရုပ်ထုအချို့မှာတွေ့ရတတ်တဲ့ သွားတွေပါ။ စစ်ဆေးကြည့်သလောက်ကတော့ တပ်ထားတဲ့သွားတွေဟာ လူ့သွားအစစ်တွေဖြစ်ပြီး ဘာကြောင့်တပ်ထားရသလဲ၊ ဒီသွားတွေဘယ်ကရသလဲဆိုတာကတော့ လျှို့ဝှက်သည်းဖိုအနေနဲ့ ကျန်ရှိနေပါတယ်။ တချို့ပြောကြားချက်အရတော့ လူပါးတဲ့အချိန်မျိုးမှာ ရုပ်ထုများနောက်ကနေ ဖော်ပြလို့မရတဲ့ စကားသံလို တီးတိုးအသံတွေ ခဏခဏကြားရကြောင်းလည်း သက်သေတွေရှိလို့နေပါတယ်။
Source: Culture Trip
Penny