စုန်းမတွေလို့ယူဆရတဲ့ရုပ်ကြွင်းတွေနဲ့ ထူးထူးဆန်းဆန်း သဂြိုလ်မှုများ

သမိုင်းအဆက်ဆက်မှာ စုန်းမတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး အယူအဆတွေ၊ သက်သေသာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ အခုထက်ထိလည်း လက်ခံနေကြတုန်းပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်အရာလေးတွေကတော့ the occult museum က ဖော်ပြပေးထားတဲ့ ကမ္ဘာတစ်လွှားက စုန်းမလို့ယူဆရတဲ့ ရုပ်ကြွင်းတွေနဲ့ ထူးထူးဆန်းဆန်းသဂြိုလ်မှုတွေပဲ ဖြစ်ပါတယ်။

(၁) သံရိုက်ထားတဲ့ရုပ်ကြွင်း

အီတလီနိုင်ငံ၊ တပ်စ်ကနီမြို့မှာ နှစ်(၈၀၀)ကျော်သက်တမ်းရှိတဲ့ အုတ်ဂူတစ်ခုရှိပါတယ်။ လူတွေကတော့ အဲဒီ့သင်္ချိုင်းမြေဟာ စုန်းမတွေကို သီးသန့်မြှုပ်ထားတဲ့ မြေဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တစ်နေ့မှာ မြေကြီးထဲကနေ အမျိုးသမီး ရုပ်ကြွင်းနှစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ ထူးခြားတာက အဲဒီရုပ်ကြွင်းတွေမှာ သူတို့ရဲ့ မေးရိုးတွေကို သံ (၁၃)ချောင်းနစ်ဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒေသခံတွေကတော့ ဒီရုပ်ကြွင်းတွေဟာ စုန်းမတွေရဲ့ရုပ်ကြွင်းဖြစ်ပြီး တစ်ချိန်မှာ အသက်ပြန်မဝင်လာစေဖို့ အစီအရင်တွေပြုလုပ်ထားတဲ့ သံချောင်းတွေကို မေးရိုးထဲ ရိုက်သွင်းခဲ့ကြတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

(၂) စုန်းမ (သို့မဟုတ်) မှော်ဆရာမ

ဒါကတော့ အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ မကြာသေးခင်ကမှတွေ့ရှိထားတဲ့ အုတ်ဂူဖြစ်ပါတယ်။ ဒေသခံအချို့ကတော့ ဒီအုတ်ဂူဟာ နှစ်ပေါင်း (၁၂,၀၀၀) သက်တမ်းရှိတဲ့ စုန်းမတစ်ယောက်ရဲ့ အုတ်ဂူလို့ ယုံကြည်ကြပြီး အချို့ကတော့ မှော်ဆရာမတစ်ယောက်ရဲ့ အုတ်ဂူဖြစ်တယ်လို့ယူဆကြပါတယ်။ သူနဲ့အတူမြှုပ်နှံထားတဲ့ စာအုပ်အထူကြီးထဲမှာ လိပ်ခွံအခု (၅၀)၊ ကျားသစ်တစ်ကောင်ရဲ့ တင်ပါးဆုံရိုး၊ ရွှေလင်းယုန်ငှက်ရဲ့ တောင်ပံက အမွှေးတစ်ချောင်း၊ နွားအမြီးတစ်ချောင်း၊ မြွေပါနဲ့တူတဲ့ အသားစားအကောင်ငယ်တစ်ခုရဲ့ ဦးခေါင်းခွံ၊ ဝက်သိုးတစ်ကောင်ရဲ့ လက်ဖျံနဲ့ လူခြေထောက်တစ်ချောင်းတို့ကို တွေ့ရှိခဲ့ကြပါတယ်။  သူ့ရဲ့ ရုပ်ကြွင်းပတ်လည်မှာ လေးလံပြီးကြီးမားတဲ့ကျောက်တုံးကြီး ဆယ်ခုနဲ့ ဝန်းရံထားပါတယ်။ အဲဒီ့ကျောက်တုံးကြီးတွေဟာ ဒီစုန်းမရဲ့ဝိညာဉ်ကို ချုပ်နှောင်ဖို့စီရင်ထားတဲ့ အစီအရင်ဖြစ်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။

READ
ငါ့ကျောင်းမှာ မနေနဲ့ ထွက်သွားစမ်းဆိုတဲ့ ဘုန်းကြီးတစ္ဆေကြီးအကြောင်း

(၃) မက်ဂ်ရှယ်လ်တန်

ဒါကတော့ အင်္ဂလန်နိုင်ငံက ထူးဆန်းစွာမြှုပ်နှံခဲ့ကြတဲ့  စုန်းမတစ်ယောက်ရဲ့ အုတ်ဂူဖြစ်ပါတယ်။ ဒီအုတ်ဂူဟာ မက်ဂ်ရှယ်လ်တန်လို့ခေါ်တဲ့အမျိုးသမီးရဲ့ အုတ်ဂူဖြစ်ပြီး၊ ၁၇၀၅ ခုနှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အုတ်ဂူဟာ အမှတ်တမဲ့ကြည့်ရင် သာမန်လို့ထင်ရပေမယ့်၊ သူ့ရဲ့အဖြစ်အပျက်ကတော့ တကယ့်ကို ထူးဆန်းလှပါတယ်။ ဒေသခံတွေဟာ အဲဒီ့အမျိုးသမီးရဲ့အလောင်းကို ဒေါင်လိုက်ပုံစံ၊ ဇောက်ထိုးထားပြီး သဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ့အုတ်ဂူဟာ ဒေါင်လိုက်ကိုမှ ကျဉ်းကျဉ်းလေးတူးထားတာဖြစ်ပြီး ခန္ဓာကိုယ်နဲ့ကွက်တိလုပ်ထားတာကြောင့် တွင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီ့တွင်းရဲ့ အဝကို ကြီးမားပြီးလေးလံတဲ့ကျောက်တုံးကြီးနဲ့ဖိထားပြီး စုန်းမကို ဘယ်တော့မှ မလွတ်မြောက်နိုင်တော့အောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီ့ကျောက်တုံးကြီးဟာ အန်နီလို့ခေါ်တဲ့ဘုရားကျောင်းမြေကွက်ထဲမှာရှိနေပြီး ဆိုင်းဘုတ်သေးသေးလေးနဲ့ စုန်းမကိုမြှုပ်နှံထားတဲ့နေရာဖြစ်ကြောင်း သတိပေး စာတန်းလေး ရေးထိုးထားပါတယ်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE