မီးလောင်တော့မယ့်ဆိုင်လေးကို ဘီယာဘူးတွေနဲ့ ကယ်တင်လိုက်တဲ့ သူရဲကောင်း

YouTube_KCRA3

ကယ်လီဖိုးနီးယား တောမီးဟာ ကောက်ပဲသီးနှံလယ်ခင်းတွေနဲ့ လူနေအိမ်တစ်ချို့ကိုပါ ကူးစက်လောင်ကျွမ်းတာတွေ ရှိနေလို့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးကို အတော်လေး ခက်ခက်ခဲခဲ ထိန်းချုပ်နေရတယ်လို့ သိရပါတယ်။ Chad Little အမည်ရအမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၅)နှစ်က သူရဲ့နေအိမ်တစ်လုံး မီးထဲမှာ ပါခဲ့ဖူးသူပါ။

အခု သူ့ရဲ့ Auto Shop ကို မီးလောင်မယ့်အရေးကို စွန့်စားကယ်တင်နိုင်ခဲ့ပါတယ်။ သူဟာ ရှေ့ကိုတလူလူတိုးလာတဲ့ မီးညွှန့်ကြီးကို မကြောက်အားဘဲ Bud Light ဘီယာဘူးတွေနဲ့ မီးကို ဟန့်တားခဲ့တာပါ။ အနီးအနားမှာ ရေတို့၊ သဲတို့ကလည်း အလွယ်တကူမရှိတော့ သူ့အနေနဲ့ သောက်ဖို့ဝယ်ယူထားတဲ့ ဘီယာဘူးတွေကို နှမြောနေရင်းကြားက အမြန်အသုံးချလိုက်ရတာ ဖြစ်ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Facebook_ChadLittle

Chad ဟာ Vacaville မြို့မှာ နေထိုင်သူဖြစ်ပြီး၊ အနီးအနားက အရေးပေါ်မီးသတ်ရေငုပ်ကလည်း အလုပ်မလုပ်ပါဘူးတဲ့။ ဒါကြောင့် သူဟာ Bud Light ဘီယာဘူးတွေကို တစ်ဘူးပြီးတစ်ဘူး ဖောက်ကာ ဆိုင်ကို မီးမကူးအောင် အရေးပေါ် ကာကွယ်ခဲ့ရပါတယ်။ Bud Light ဘီယာဟာ အမေရိကန်မှာတော့ ရောင်းအားအကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။

 

ဒါပေမယ့် စာရင်းတစ်ခုမှာတော့ ကမ္ဘာ့အဆိုးဆုံးဘီယာအဖြစ် သွပ်သွင်းခြင်း ခံခဲ့ရဖူးပါတယ်။ ဘီယာသမားတော်တော်များများကတော့ ဒီဘီယာဘူးဟာ ရေပါဝင်မှုပမာဏများလွန်းတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ဝေဖန်ခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေဓာတ်များခြင်းဟာ မီးစသည်တို့ကို ငြိမ်းသတ်ရာမှာတော့ လွယ်ကူစေလိမ့်မယ်ဆိုတာ Chad က သိပါတယ်။

တောမီးကိုမြင်ကတည်းက သူဟာ ဆိုင်အနီးအနားက မြက်တွေ၊ ခြုံပုတ်တွေကို တက်နိုင်သမျှ မြန်မြန်ရှင်းပစ်ခဲ့ပါတယ်။ နောက်ပြီး ဆိုင်အတွင်းက ဆက်သုံးဆီတွေ၊ မီးလောင်လွယ်တဲ့ဆီတွေကိုလည်း မီးဝေးတဲ့နေရာ အမြန်ရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာ မီးက ဆိုင်ရဲ့နောက်ကျောကို ရောက်နေပါပြီ။ သူ့ရှေ့မှာတင် ကားတွေ မီးလောင်တာကို မြင်လိုက်ရပါသတဲ့။

သူက ဒေသခံသတင်းစာနဲ့ တွေ့ဆုံစဉ်မှာ “ မီးက အနီးအနားက သစ်တောကို ဝါးမျိုသွားတယ် … ကျွန်တော့်ဆီမှာ ရေမရှိပါဘူး … အနီးအနားမှာ အရေးပေါ်ရေငုတ်ရှိပါတယ် … သုံးကြည့်တော့ အလုပ်မလုပ်ပါဘူး … ”လို့ ပြောပါတယ်။ ရေမရှိတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေရုံပဲလို့ သူက ဆိုပါတယ်။ ဒီနောက်မှာတော့ ဘီယာဘူးတွေကို သတိရလိုက်ပြီး စမ်းကြည့်ဖို့ ကြိုးစားခဲ့ရာ၊ အောင်မြင်ခဲ့ပါတယ်။

သူက “ ကျွန်တော့်ဘော်ဒါတွေက ရေရောရော ဘီယာကိုသောက်လို့ဆိုပြီး အမြဲတမ်း စနောက်လေ့ရှိတယ် … အခုတော့ ကျွန်တော် ပြောနိုင်ပြီ … ဒီဘီယာက ကျွန်တော့်ဆိုင်လေးကို ကယ်တင်ခဲ့တယ်ဆိုတာ … ”လို့ အရွှန်းဖောက်ခဲ့ပါတယ်။ ဘီယာအပျော့စားတွေတိုင်းမှာတော့ ရေဓာတ်အနည်းနဲ့အများ ပါတတ်ကြပါတယ်။ Bud Light ဘီယာဟာ အယ်လ်ကိုဟော (4.2)%ဖြစ်ပြီး၊ ကယ်လိုရီ (၁၁၀)၊ ကာဘိုဟိုက်ဒြိတ် (၆.၅)ဂရမ်နဲ့၊ ရေ၊ မုယော၊ ဆန်၊ တဆေး၊ တဆေးနွယ်တို့နဲ့ ရောစပ်ထားတာပါ။

လင်းသုတ

SHARE