ဗီယက်နမ် Dong Nai ပြည်နယ်မှာနေထိုင်သူ လူငယ်လေး Ho Huu Hanh ဟာ မွေးကတည်းက လက်နှစ်ဖက်လုံးမပါလာခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ပညာရေးမှာထူးချွန်ခဲ့ပြီး သူ့အတွက် လှပတဲ့အနာဂတ်ကိုဖန်တီးနိုင်ခဲ့ပါတယ်။ သူ့အသက်က ၂၀ပဲရှိပါသေးတယ်။ မကြာသေးခင်ကပဲ Lac Hong တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပါတယ်။ တက္ကသိုလ်မှာတော့ Hanh က IT Engineering ပညာရပ်ကို လေ့လာသင်ကြားမှာဖြစ်ပါတယ်။

လက်နှစ်ဖက်လုံးမပါဘဲ ကြီးပြင်းလာရတာ လွယ်တော့မလွယ်ကူပါဘူး။ ကလေးတုန်းက စက်ဘီးစီးလေ့ကျင့်ဖို့ကြိုးစားရာမှာ စက်ဘီးတိုက်ပြီးတဲ့နောက် Hanh က ဆေးရုံကို အကြိမ်ပေါင်းများစွာ သွားခဲ့ရပါတယ်။ အသက် ၅နှစ်မှာတော့ Hanh က စက်ဘီးကောင်းကောင်းစီးတတ်နေပြီဖြစ်သလို ရေလည်းကောင်းကောင်းကူးနိုင်နေပါပြီ။ Hanh က သူ ငယ်ငယ်ကတည်းက အလုပ်လုပ်တဲ့အခါ လက်နှစ်ဖက်နေရာမှာ ခြေထောက်နှစ်ဖက်ကိုအစားထိုးပါတယ်။ တူကို သူ့ဘာသာသူ ခြေထောက်နဲ့ကိုင်ပြီး အစားစားတာ၊ စာရွက်လှန်တာ၊ ကျောင်းစာတွေလိုက်ရေးတာ ဒါတွေကို သူလေ့ကျင့်ယူပါတယ်။



Hanh က သူ့ခြေချောင်းတွေကိုသုံးပြီး ပုံဆွဲတာ၊ ကွန်ပြူတာကီးဘုတ်မှာ စာရိုက်တာမျိုးတွေတောင် လုပ်နိုင်ပါတယ်။ ဒုတိယတန်းမှာတော့ လက်ရေးလှဆုရတဲ့အပြင် အဲ့ဒီကစပြီး အတန်းတိုင်းမှာ အမှတ်တွေကောင်းအောင် ကြိုးစားခဲ့သူပါ။ သူ့ကိုတော့ ကျောင်းက ဆရာဆရာမတွေရော အတန်းဖော်တွေကပါ ပင်ဂွင်းလို့ ချစ်စနိုးခေါ်ပါတယ်။ Hanh ကတော့ ဒီနာမည်ဟာ သူ့ကိုယ်သူ စိန်ခေါ်နိုင်ဖို့အတွက် ခွန်အားဖြစ်စေတယ်ဆိုပါတယ်။
Hanh ဟာ တစ်နေ့မှာတော့ Google အတွက် အလုပ်လုပ်ချင်တယ်ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Hanh က ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို တာဝန်ယူရတဲ့ Google ရဲ့ ဒေသဆိုင်ရာဒါရိုက်တာနဲ့ စင်္ကာပူမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ပြီးနောက်ပိုင်း သူဟာ Google မှာ အလုပ်လုပ်ချင်တဲ့ဆန္ဒပြင်းပြလာခဲ့တာပါ။ Hanh ဟာ ယုံကြည်မှုပြင်းထန်သူတစ်ဦးဖြစ်တဲ့အလျောက် မကြာခင်မှာတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှု အားလုံးရဲ့အားပေးမှုတို့ကြောင့် သူမျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ရပါတော့တယ်။
ShweMom