တစ်ချိန်က အောင်မြင်ခဲ့ပေမယ့် လက်ရှိမှာ အောက်ကားတွေပဲ ရိုက်နေရတဲ့ သရုပ်ဆောင်များ

Imdb/FreakyFridays

သရုပ်ဆောင်တွေအတွက်တော့ သူတို့ရဲ့ ဘဝက စန်းအပေါ်မှာ မူတည်နေလေ့ရှိတာပါ။ တချိန်တုန်းက ပရိသတ်တွေရဲ့ အသည်းစွဲမင်းသား-မင်းသမီးတွေ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ လူမသိ သူမသိ ရုပ်ရှင်ကားတွေမှာပဲ ပါဝင်ခွင့်ရတာ၊ တချိန်တုန်းက လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မင်းသား-မင်းသမီးတွေဟာ အခုအချိန်မှာတော့ လူတွေ မကြည့်ဖြစ်တော့တဲ့ အရည်အသွေးနိမ့်ချာတဲ့ ရုပ်ရှင်ကားတွေထဲမှာပဲ သရုပ်ဆောင်ခွင့်ရတာတွေရှိလေ့ရှိကြတာပါ။ ဘယ်သူတွေများ ဒီ စာရင်းထဲ ပါလာမလဲဆိုတာ တစ်ချက်ကြည့်,ကြည့်ပါဦး။

-Taylor Lautner

Imdb_Twilight/Instagram_TaylorLautner

Twilight ရုပ်ရှင်ကားတွေထဲက မင်းသားတစ်လက်ဖြစ်တဲ့ Taylor Lautner ရဲ့ ပရိသတ်တွေရှိကြမှာပါ။ ချောမောပြေပြစ်တဲ့ ခန္ဓာကိုယ်နဲ့ စွဲဆောင်မှုရှိတဲ့ မင်းသားတစ်လက်လို့ဆိုရရင်လည်း မမှားပါဘူး။ Twilight  ရုပ်ရှင်ကားတွေဟာ သူ့အတွက် အောင်မြင်မှုကို ဆောင်ယူလာပေးခဲ့တာပါ။ ဒါပေမယ့် Twilight ရုပ်ရှင် franchise ကြီး ပြီးသွားချိန်မှာတော့ သူလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားပုံပေါ်ပါတယ်။ ဒီနောက်မှာတော့ ၂၀၁၁ ခုနှစ်မှာ Abduction ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာပါ။

အဲဒီ Abduction ရုပ်ရှင်ရဲ့ review တွေမှာထဲ Taylor Lautnerဟာ တော်တော်လေးကို ဆိုးဝါးတဲ့ ဝေဖန်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သရုပ်ဆောင်အင်မတန်ကို ညံ့ဖျင်းတယ်ဆိုတဲ့  မှတ်ချက်တွေ ရရှိခဲ့တာပါ။

-Demi Moore

Instagram/DemiMoore

၁၉၉၀ ခုနှစ်က ထွက်ခဲ့တဲ့ Ghost ဆိုတဲ့ အချစ်ရုပ်ရှင်ကို ကြည့်ဖူးသူတိုင်း Demi Moore ကိုမှတ်မိကြဦးမှာပါ။သူ(မ)ရဲ့ သရုပ်ဆောင်လမ်းကြောင်းတစ်လျှောက်ဟာ ၁၉၈၀ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ၁၉၉၀ ခုနှစ်မှာတော့ ဈေးအကြီးဆုံးမင်းသမီးတစ်လက်အဖြစ် အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဘဝကို ရရှိခဲ့တာပါ။

ဒီလို သျှမ်းသျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသမီးဟာလည်း နောက်ပိုင်းမှာတော့Striptease ဆိုတဲ့ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်ဟာ ဆယ်စုနှစ်တစ်စုအတွင်း တော်တော်ညံ့ဖျင်းလွန်းတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ထားကြတာပါ။

-Brendan Fraser

Imgur

ကျနော်တို့ ငယ်ငယ်တုန်းက စွဲစွဲလမ်းလမ်းကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေထဲမှာ Mummy ရုပ်ရှင်ကားတွေပါပါတယ်။ အီဂျစ်ပြည်အတွင်းက သဲကန္တာရတွေဲက မံမီရုပ်အလောင်းတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ ရုပ်ရှင်ကားတွေဟာ အခုထိ အမှတ်ရနေဆဲ ရုပ်ရှင်ကားတွေပါ။ မံမီရုပ်ရှင်ဇာတ်ကားအောင်မြင်လာတဲ့အတူ Brendan Fraserဆိုတဲ့ မင်းသားတစ်လက်ရဲ့ နာမည်လည်းအောင်မြင်လာခဲ့ပါသေးတယ်။

Mummy Part 3 မှာတော့ Brendan Fraser ရဲ့ ဆိုးဝါးလွန်းတဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်ကို စိတ်ပျက်သွားစေခဲ့တာပါ။ သူ့အတွက်လည်း အရမ်းကို နာမည်ကျသွားခဲ့ရတာပါ။ ဒီနောက်မှာတော့ Brendan Fraser ဟာ ရုပ်ရှင်ကားတွေမှာ သရ်ုပဆောင်ခဲ့ရပေမယ့် အရင်လို အောင်မြင်မှုမျိုးတော့ မရရှိခဲ့တော့ပါဘူး။

-Nicolas Cage

Imdb/ConAir

Con-Air လို ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အသည်းနှလုံးကို စွဲကိုင်သွားစေခဲ့တဲ့ မင်းသားကြီးNicolas Cageရဲ့ ရုပ်ရှင်လမ်းကြောင်းကလည်း တကယ့်ကို သံဝေဂရစရာပါ။

Nicolas Cageဟာ အခုအချိန်မှာ ပေးဆောင်ရမယ့် အခွန်တွေ တစ်ပုံတစ်ပင်နဲ့ အကြွေးတွေ ဝိုင်းနေပြီး လာညှိနှိုင်းသမျှ ရုပ်ရှင်တွေကို မငြင်းဆန်ဘဲ ရိုက်ကူးနေရတဲ့ အခြေအနေပါ။ အရင်တုန်းက Vampire’s Kiss တို့ Face/Offတို့မှာ မြင်တွေ့ခဲ့တဲ့ Nicolas Cage ကို ပြန်မြင်ရဖို့ သူ့ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

-Lindsay Lohan

Imdb/MeanGirls

လင်ဆေးလိုဟန်ဆိုတဲ့ နာမည်ဟာ အခုခေတ်ရုပ်ရှင်ကြည့်တဲ့ သူတွေ သိပ်မသိတော့တဲ့ နာမည်တစ်ခုပါ။ အရင်တုန်းကတော့ လင်ဆေးလိုဟန်ရဲ့ ခေတ်လို့ ပြောလို့ရအောင်အထိ ရုပ်ရှင်ကားပေါင်းမြောက်များစွာ သရုပ်ဆောင်ခဲ့သူပါ။

 I Know Who Killed Me ဆိုတဲ့ ရုပ်ရှင်ကားမှာ လင်ဆေးလိုဟန်ရဲ့ ဆိုးရွားလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြည့်ပြီး ပရိသတ်တွေဟာ သူ(မ)ကို စိတ်ပျက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူ(မ)ရဲ့ အောင်မြင်မှုဟာ တစ်ရှိန်ထိုးကျဆင်းသွားခဲ့ပြီး အခုထက်ထိအောင် ပြန်ပေါ်မလာတော့တဲ့ မင်းသမီးတစ်လက်ပါပဲ။

-Eddie Murphy

Imdb/EddieMurphy

၁၉၉၀ ဝန်းကျင်ကာလတောက အက်ဒီမာဖီရဲ့ ရယ်မောပျော်ရွှင်ဖို့ကောင်းတဲ့ ရုပ်ရှင်ကားတွေ တရစပ်ထွက်ရှိခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဇာတ်ရုပ်မှာ အကျအန သရုပ်ဆောင်နိုင်ခဲ့တဲ့ အက်ဒီမာဖီဟာလည်း အခုအချိန်မှာတော့ အရင်လို ပြန်လည် ကြိုးစားနေရတဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ အရင်တုန်းက ရွှေကမ္ဘာလုံးဆုတို့၊ အော်စကာဆုတို့မှာ စကာတင်ပါဝင်ခဲ့တဲ့ အက်ဒီမာဖီရဲ့ ခေတ်ဟာ အခုတော့ ပျောက်ဆုံးလုနီးပါးဖြစ်နေပါပြီ။

-Orlando Bloom

Imdb/TheLordoftheRings

Black Hawk Down ၊  The Lord of the Rings ၊  Pirates of the Caribbean တို့မှာ ပါဝင်ခဲ့တဲ့ Orlando Bloomဟာ Elizabethtown လို့ အမည်ရတဲ့ ရုပ်ရှင်ကားမှာပါဝင်ခဲ့တာပါ။ အဲဒီ ရုပ်ရှင်ဟာ အရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဝေဖန်သူတွေရဲ့ ကြားမှာ အညံ့ဆုံးရုပ်ရှင်ကားစာရင်းထဲက တစ်ကားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ ရုပ်ရှင်ကားဟာ Orlando Bloom အတွက်တော့ ကံဆိုးခြင်းတွေ ယူလာပေးခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။

ဒီနောက်မှာတော့ သူဟာ The Three Musketeers နဲ့ Romans ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် အရင်လို Orlando Bloom ဘဝကို ပြန်မရရှိခဲ့ပါဘူး။

Ye Yint Kyaw

SHARE